ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကွမ်းလုံခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီတာဝန် ရှိသူများအား တွေ့ဆုံ

 

ကွမ်းလုံ၊ ဇွန် ၂၅ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံခရိုင်၊ ကွမ်းလုံမြို့ရှိ ဦးဟော်ရှောက်ချန်း နေအိမ်တွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ကွမ်းလုံခရိုင် အတွင်းရှိ ကွမ်းလုံခရိုင်၊ ကွမ်းလုံမြို့နယ်နှင့် ဟိုပန်မြို့နယ်တို့မှ ပါတီတာဝန် ရှိသူများအား တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံ အလေးပြုခြင်း နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များမှ တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့ပြီး မိမိတို့တာဝန်ယူ ဆောင်ရွက်ရသည့် ဒေသအလိုက် ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ရှေ့အလားအလာများကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုအဖွဲ့များအား အလှူငွေများ ပေးအပ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးသို့ ကိုယ်စားလှယ်များမှ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ၊ ဘတ္ထရီအိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ တိုင်းရင်းသား ခေါင်းဆောင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်နှင့် ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်း ဝင်း၊ ပါတီဗဟို အတိုင်ပင်ခံ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေတာဝန်ခံ ဦးအောင်သန်းထွဋ်၊ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်သူ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ပါတီ ကော်မတီဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ခရိုင်နှင့်မြို့နယ် ပါတီများမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။