ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့စကားဝိုင်း ကျင်းပ

 

ရန်ကုန် ဇွန် ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့စကားဝိုင်း ကျင်းပ ခဲ့ကြောင်း သိရသည်။ အဆိုပါ စကားဝိုင်းသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ နေလင်း၊ တိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ဒေါပုံမြို့နယ် ဂုဏ်ထူးဆောင် နာယက ဦးလှမြင့်၊ မှော်ဘီမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ပါတီနာယက ဦးကြည်မြင့်တို့ တက်ရောက် ခဲ့ကြသည်။

ယင်းနောက် စကားဝိုင်းကျင်းပရာ ပထမဦးစွာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီက အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံပြည်သူများက သိလိုသည့်နိုင်ငံရေး အခြေအနေ၊ စီးပွားရေး၊ လွှတ်တော်၏ လုပ်ရပ်များ၊ လုပ်ပုံလုပ်နည်းများ မေးမြန်း ခဲ့ကြသည်။ မြို့နယ် ပါတီကော်မတီဝင် ဦးနိုင်ဝင်းက နိုင်ငံရေးပါတီ၂၆ ပါတီ၏ ပူးတွဲသဘောထား ထုတ်ပြန်ချက်များ ရှင်းလင်း ပြောကြားဆွေးနွေးခြင်း၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) မှ သဘောထား ထုတ်ပြန်ချက်များ ရှင်းလင်း ဖတ်ကြား ခဲ့သည်။

စကားဝိုင်း မေးမြန်းခြင်းများကို ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဦးသန်းမြင့်၊ ဗဟိုကော်မတီဝင် ဒေါက်တာ နေလင်း၊ ဒေါပုံမြို့နယ်မှ ဦးလှမြင့်၊ မှော်ဘီမြို့နယ်မှ ဦးကြည်မြင့်၊ ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့က ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ဇော်သိန်း(ထန်းတပင်)