အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နယ်မြေကွင်းဆင်း တွေ့ဆုံ
အမရပူရ ဇွန် ၁၁
အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ် အတွင်းရှိ ငယ်တိုးကျေးရွာအုပ်စုရှိ ပါတီဝင်ဒေါ်ကြည်ဌေး၏ နေအိမ်သို့ သွားရောက်၍ ရပ်/ ကျေးပါတီ အဖွဲ့များအား ကွင်းဆင်းတွေ့ဆုံ ခဲ့သည်။
ထိုသို့ ကွင်းဆင်းတွေ့ဆုံရာတွင် အမရပူရမြို့နယ်ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ငယ်တိုးကျေးရွာအုပ်စု၊ ဟင်္သာကျေးရွာ အုပ်စုတို့ရှိ ရပ်/ကျေးပါတီအဖွဲ့များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ အိတ်ဖွင့်ပေးစာတို့အား ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဝင်အင်အားများ ကျစ်လျစ်ခိုင်မာရေး၊ ပါတီဝင်သစ်များ စည်းရုံးရရှိရေး၊ ပြည်သူလူထု အခက်အခဲများအား တတ်စွမ်းသည့်ဘက်မှ ကူညီဆောင်ရွက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မိမိတို့ပြည်ခိုင်ဖြိုးပါတီ၏ ဆောင်ရွက်ချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အမရပူရမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ တွင် ယဉ်တော်ကျေးရွာရှိ ကျေးရွာပါတီဥက္ကဋ္ဌ ဦးကျော်စွာလင်း၏ နေအိမ်တွင် ယဉ်တော်ကျေးရွာနှင့် ဈေးချိုရပ်ကွက် ရပ်/ကျေး ပါတီကော်မတီဝင်များအား ဆက်လက်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ အိတ်ဖွင့်ပေးစာတို့နှင့် ပတ်သက်သော အကြောင်းအရာများ အပါအဝင် မြို့နယ် ပါတီ၏ ပါတီလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြောကြား သွားမည်ဖြစ်ကြောင်း သိရသည်။
သုတ(မန္တလေး)