ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး စက်ချုပ်သင်တန်းနှင့် ဂျပန်စကားပြောသင်တန်း ဖွင့်ပွဲ တက်ရောက်

 

ရန်ကုန် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံ၊ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၈)၊ ဂျပန်စာ၊ ဂျပန်စကားပြော သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ်က အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဒေါက်တာ ကျော်စိုးနှင့် ပါတီဗဟိုကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန်းစန်းဝင်းတို့က ပါတီဝင် အဆိုပြုလွှာများကို လက်ခံရယူ ကြသည်။

အဆိုပါ အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်း ရေးမှူး ဒေါက်တာကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် နယ်မြေတာဝန်ခံ ဒေါ်အေးမြင့်၊ အရှေ့ပိုင်းခရိုင်ပါတီ အတွင်းရေးမှူး ဦးစိန်မြင့်၊ ခရိုင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီနာယကများ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက် ကြပြီး နံနက် ၁ဝ နာရီခွဲတွင် အခမ်းအနား ပြီးဆုံးကြောင်း သိရသည်။