ဗဟိုအလုပ်အမှုဆောင် တိုင်း ခရိုင် မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

 

ရန်ကုန် ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ က တိုင်းဒေသကြီး ခရိုင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ တိုင်းဒေသကြီး ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးနှင့် ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ် ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များက မိမိတို့ရေးရာအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ခရိုင်နှင့် မြို့နယ်ဥက္ကဋ္ဌများက မိမိတို့ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို တင်ပြကြသည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက် ပါကြောင်း၊ မကြာမီက မိမိတို့ ပါတီဝင်များနှင့် တောင်သူလယ်သမားများ ပူးပေါင်းဆောင်ရွက်ခဲ့သည့် တောင်သူ လယ်သမား တွေ့ဆုံပွဲမှာ များစွာအောင်မြင် ခဲ့ကြောင်း၊ ထပ်မံဆောင်ရွက်ရန် လိုကြောင်း၊ ပါတီကော်မတီဝင် ပြန်လည်ဖွဲ့စည်းသည့် မြို့နယ်များကို ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ပါတီကော်မတီဝင်များ စည်းလုံးညီညွတ်မှ ၂ဝ၂ဝ တွင် ပါတီအောင်နိုင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုကတည်းက ကြိုတင် ဆောင်ရွက် ထားကြရန် လိုအပ်ကြောင်း၊ ပါတီအပေါ် သက်ဝင်ယုံကြည်မှု အားကောင်းသည့် လူများကို စည်းရုံးထားကြရန် လိုအပ်ကြောင်း ပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)