ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဇေယျာသီရိမြို့နယ် တောင်သူများနှင့် တွေ့ဆုံ

 

နေပြည်တော် ဇွန် ၂

ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု စည်ပင်သာယာကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ အဆောက်အအုံနေရာ၌ ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပြည်ခိုင်ဖြိုးပါတီ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းနှင့် ကျေးလက်နေ တောင်သူများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းက လေ့လာထားသော လယ်ယာမြေ အကြောင်း အရာများ၊ စိုက်ပျိုးရေး လုပ်ငန်းများအား ပါဝါပွိုင့်ဖြင့် ပြန်လည် အသိပညာပေး မျှဝေခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော တောင်သူလယ်သမားများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ နာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စု နယ်မြေပါတီ ကော်မတီဝင် ဦးဖေသန်းဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီဝင်များ၊ ကျေးလက်နေ တောင်သူများဖြင့် စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရာက် ခဲ့ကြကြောင်း သိရသည်။