ဥရောပချန်ပီယံ လီဗာပူးအသင်း မြို့တွင်းလှည့်လည်အောင်ပွဲခံ

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တနိုင်ငံတည်းက ပြိုင်ဘက် စပါးအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရပြီး ၁၄ နှစ်ကြာ ဝေးကွာနေတဲ့ ဥရောပချန်ပီယံဘွဲ့ကို ရရှိခဲ့တဲ့ လီဗာပူးအသင်းဟာ နိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ မြို့တွင်း လှည့်လည် အောင်ပွဲခံခဲ့ပါတယ်။ ဥရောပရဲ့ချန်ပီယံများလို့ စာတမ်းပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်ပြီး မြို့တွင်းလှည့်လည် အောင်ပွဲခံခဲ့တဲ့ အသင်းသားတွေကို လီဗာပူးအသင်း ပရိသတ်တွေနဲ့အတူ တခြားအသင်း ပရိသတ်တွေကပါ ထောင်သောင်းချီ လမ်းမဘေးကနေရပ်ကာ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

၂၀၀၅ ခုနှစ်မှာ အေစီမီလန်အသင်းကို အံ့အားသင့်ဖွယ်ရလဒ်နဲ့ အနိုင်ရပြီး ၅ ကြိမ်မြောက် ဥရောပချန်ပီယံ လိဂ်ဖလား ရရှိခဲ့တဲ့ လီဗာပူးအသင်းအတွက် အခုတကြိမ်ဟာ ခြောက်ကြိမ်မြောက် ဆုဖလားလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ၁၃ ကြိမ်ထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်မှာ ဥရောပချန်ပီယံ ဘွဲ့ကို ဒုတိယအများဆုံး ရရှိတဲ့အသင်းအဖြစ် ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ စတဲ့အသင်းတွေကို ကျော်ဖြတ်ပြီး မှတ်တမ်းသစ်တခုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။ လီဗာပူးမြို့ခံတွေနဲ့ အသင်းပရိသတ်တွေဟာ တညလုံး အောင်ပွဲခံပါတီ ကျင်းပခဲ့ပြီး တချို့သတင်းတွေအရ လူသေဆုံးမှုတွေအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ဒေါ့မွန်နည်းပြဟောင်း ဂျာဂန်ကလော့ပ် ကိုင်တွယ်ပြီးနောက်ပိုင်း တောက်လျှောက် ခြေစွမ်းကောင်းမွန်ခဲ့သလို သူတို့အသင်းသားတွေဟာ ဥရောပချန်ပီယံဆုနဲ့ ထိုက်တန်ကြောင်း ဗိုလ်လုပွဲမှာ လန်ဒန်သားတွေကို အနိုင်ယူပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

-Ref:Skysports