မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင်မြို့နယ် ရပ်ကျေးပါတီ ကော်မတီဝင်များ အစည်းအဝေး ကျင်းပ

 

မတ္တရာ ဇွန် ၂

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ မြို့နယ်ပါတီ၏ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်/ ကျေး ပါတီကော်မတီဝင်များ လပတ်အစည်းအဝေးကို ကျင်းပခဲ့သည်။

အစည်းအဝေးကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ နိုင်ငံတော်အလံအား အလေးပြု ဖွင့်လှစ်ပြီးနောက် မန္တလေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ပြင်ဦးလွင်ခရိုင် နယ်မြေတာဝန်ခံ ဦးတင့်လွင်ဦးက စည်းရုံးရေးရာ ကဏ္ဍများကို မှာကြားဆွေးနွေး ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်က ဆက်လက်ဆောင်ရွက် သွားမည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကာ မြို့နယ်အတွင်းရှိ ရပ်/ကျေး များမှ ပါတီဥက္ကဋ္ဌများက မိမိတို့၏နယ်မြေအလိုက် ဆောင်ရွက်ပြီးစီးသည့် စည်းရုံးရေး အခြေအနေများနှင့် ဒေသအခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ရာ တင်ပြလာမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ယနေ့ ကျင်းပသည့် အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးတင့်လွင်ဦးနှင့် ဦးမြတ်သူ၊ ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှမြင့် (၁)၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးလှမြင့် (၂) နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ လူငယ်အဖွဲ့ဝင်များ၊ အမျိုးသမီး အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း အင်အား ၆၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)