အစိုးရတစ်ဖွဲ့တက်လာတိုင်း ထုတ်ပြန်ထားသော အမျိုးသားရေးမူဝါဒများနှင့် ဥပဒေအမိန့်ညွှန်ကြားချက်များကို အားနည်းချက်တစ်ခု တွေ့သည်နှင့် ဖျက်သိမ်းခြင်း ပြောင်းလဲခြင်း ပြုလုပ်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် ရပ်တန့်နေရာမှ ကျဆုံးသည်အထိ ဖြစ်လာနိုင်

 

နေပြည်တော် မေ ၂၇

အစိုးရတစ်ဖွဲ့ တက်လာသည့်အခါတိုင်း ထုတ်ပြန်ထားသော အမျိုးသားရေးမူဝါဒများနှင့် ဥပဒေအမိန့်ညွှန်ကြား ချက်များကို အားနည်းချက် တစ်ခုတွေ့သည်နှင့် ဖျက်သိမ်းခြင်း၊ ပြောင်းလဲခြင်း ပြုလုပ်ပါက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးသည် ရပ်တန့်နေရာမှ ကျဆုံးသည်အထိ ဖြစ်လာနိုင်ကြောင်း ပျော်ဘွယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သုံးသပ်ပြောကြားခဲ့သည်။ ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ အစီအစဉ်တွင် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း တင်သွင်းသည့် ”မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ၂ဝ၃ဝ ပြည့်နှစ်တွင် လျှပ်စစ်စွမ်းအားရာနှုန်း ၁ဝဝ ပြည့်ဝစွာရရှိရေး ဆောင်ရွက်နေရာ ယင်း ကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုကို တိကျခိုင်မာသော မူဝါဒလမ်းညွှန်မှုများဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ပျော်ဘွယ်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ”လက်ရှိ နိုင်ငံရေးစနစ်အရ ငါးနှစ်တစ်ကြိမ် အစိုးရတစ်ဖွဲ့ တက်လာသည့်အခါတိုင်း ထုတ်ပြန်ထားသော အမျိုးသားရေး မူဝါဒများနှင့် ဥပဒေအမိန့် ညွှန်ကြားချက်များကို အားနည်းချက်တစ်ခု တွေ့သည်နှင့် ဖျက်သိမ်းခြင်း၊ ပြောင်းလဲခြင်း ပြုလုပ်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် ရပ်တန့်နေရာမှ ကျဆုံးသည်အထိ ဖြစ်လာနိုင်ပါတယ်”ဟု ထည့်သွင်း သုံးသပ်ပြောကြား ခဲ့သည်။

ထို့ပြင် အဆိုပါကိစ္စရပ်များအတွက် အကြံပြုချက်ကိုလည်း ဦးသောင်းအေးက ”မြေပြင်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ အမျိုးသားစွမ်းအင်မူဝါဒမှာ အကျုံးဝင်တဲ့ ဥပဒေနည်းဥပဒေ လုပ်ထုံးလုပ်နည်း အမိန့် ညွှန်ကြားချက်များအပေါ် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်ရန် အကြံပြုပါတယ်” ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။
ထိုသို့ ဆွေးနွေးပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အဆိုကို ဝန်ကြီး ဌာနအနေဖြင့် လေးလေးနက်နက်ထောက်ခံကြောင်း ပြောကြားခဲ့သည်။ အဆိုရှင်ကလည်း အဆိုကို အတည်ပြု ပေးရန် တင်ပြခဲ့သဖြင့် လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာ ကန့်ကွက်သူမရှိဘဲ ထောက်ခံခဲ့သည်။
ထို့ကြောင့် အဆိုကို လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။