လူမျိုးရေးခွဲခြားမှုတွေကို ပြင်းထန်တဲ့အရေးယူမှုလုပ်ဖို့ လိုတယ်လို့ စတားလင်း ပြော

မန်စီးတီးအသင်းတိုက်စစ်မှူးရာဟင်စတားလင်းက ဘောလုံးလောကအတွင်း လူမျိုးရေးခွဲခြားမှုတွေကို ပြင်းထန်တဲ့ အရေးယူမှုလုပ်ဖို့ လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့က နယူးယောက်မြို့မှာ ဝေါလ်စထရိဂျာနယ်က ကျင်းပတဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ရင်းစတားလင်းက အဲဒီလိုပြောကြားခဲ့တာပါ။

ဒီရာသီပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးအသင်းရယူနိုင်ခဲ့ရာမှာ ပါဝင်ခြေစွမ်းပြနိုင်ခဲ့သူတစ်ဦးဖြစ်တဲ့ စတားလင်းဟာ ဘောလုံး ပွဲတွေမှာ လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်လှောင်ပြောင်သံတွေနဲ့ အမြဲလိုကြုံတွေ့နေခဲ့ရသူ ဖြစ်ပါတယ်။ စတားလင်း က” လူမျိုးရေးခွဲခြားမှုတွေကို တိုက်ဖျက်ဖို့ တီရှပ်တွေ ၀တ်ဆင်ပြီးလှုံ့ဆော်နေရုံနဲ့ မလုံလောက်ပါဘူး။ ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်သင့်ပါတယ်။ ပရိသတ်တွေက လူမျိုးရေးခွဲခြားမှုလုပ်ခဲ့ရင် သူတို့အသင်းကို (၉)မှတ်လောက် ထိ လျှော့တဲ့ ပြစ်ဒဏ်တွေ၊ ပရိသတ်မပါပဲ ကွင်းပိတ် ကစားစေတာမျိုးတွေ လုပ်ရပါမယ်။ အမှန်တကယ်အားပေးတဲ့ ပရိသတ်ဆိုရင်သူ့အသင်းကို ထိခိုက်စေမှာမျိုး လုပ်ဆောင်မှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။ အသက်(၂၄)နှစ်သာ ရှိသေးတဲ့ စတားလင်းဟာ လူမျိုးရေးခွဲခြားမှုအပေါ် တုန့်ပြန်ပြောဆိုမှုတွေအတွက် BT Sport ရုပ်သံက ချီးမြှင့်တဲ့ The Integrity and Impact Award ဆုကို လက်ခံရရှိထားပါတယ်။

-Ref:Skysport