မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်း၍ တရုတ်ဘာသာ (အခြေခံ) စကားပြော သင်တန်းဖွင့်ပွဲ ကျင်းပ

 

မန္တလေး မေ ၂၃

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက မန္တလေး ခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) တို့ ပူးပေါင်း၍ တရုတ်ဘာသာ (အခြေခံ) စကားပြောသင်တန်း ဖွင့်ပွဲအခမ်း အနားကို ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားအား နိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးမြင့်လွင်ဦးတို့က အမှာစကားများ ဆက်လက်ပြောကြား ခဲ့သည်။ ဆက်လက်၍ သင်တန်းတာဝန်ခံ မန္တလေးခရိုင် ပါတီ အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်က သင်တန်းနှင့်ပတ်သက်သော စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီးနောက် ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ ပါတီဗဟို ကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မန္တလေးခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ ခရိုင်ပါတီ ကော်မတီဝင်များ၊ မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင် များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ သင်တန်းအား မန္တလေးခရိုင် အတွင်းရှိ မြို့နယ်များမှ ပါတီဝင်များ၊ ပါတီဝင်များ၏မိသားစုများ အပါအဝင် သင်တန်းသား သင်တန်းသူ ၅၇ ဦး တက်ရောက်သင်ကြား သွားမည်ဖြစ်ကာ တိုင်းဒေသကြီးပါတီရုံး ခန်းမ၌ ယနေ့မှ ဇွန် ၁၂ ရက်အထိ ၂၁ ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ သုတ(မန္တလေး)