ဆတ်ရိုးကျဒေသခံများအား သောက်သုံးရေးရရှိရေး စစ်တွေပြည်ခိုင်ဖြိုး ကူညီ

 

စစ်တွေ၊ မေ ၂၁

သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသော စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှ ပြည်သူများ ရေရှိရေးအတွက် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကူညီဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဘိုသံဒိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်ရေးရာအဖွဲ့ဝင်များ၊ ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ဆတ်ရိုးကျရပ်ကွက် (အကွက်၂) မှ ပြည်သူများထံသို့ သောက်သုံးရေ ဂါလံ ၁၆၀၀ ဆံ့မီးသတ်ကား နှစ်စီးဖြင့် သွားရောက်လှူဒါန်း ခဲ့ကြသည်။

စစ်တွေပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဆတ်ရိုးကျရပ်ကွက်တွင် ပြည်သူများ သောက်သုံးရေ လှူဒါန်းပေးခြင်းမှာ ယခု အကြိမ်မှာ လေးကြိမ်မြောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။