ဂျိုကိုဗစ်ကို အနိုင်ယူပြီး အီတလီ အိုးပင်းမှာ ၉ ကြိမ်မြောက် နဒါးလ် ဗိုလ်စွဲ

နာမည်ကျော် တင်းနစ် စူပါးစတား နှစ်ဦး ယှဉ်ပြိုင်တဲ့ အီတလီ အိုးပင်း ATP Tour Masters 1000 ပြိုင်ပွဲမှာ မြေစေးဘုရင် နဒါးလ်က လက်ရှိ နံပါတ် ၁ တင်းနစ်သမား နိုဗတ် ဂျိုကိုဗစ်ကို အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီဖက် နောက်ပိုင်းနှစ်တွေ ထိပ်တိုက်ဆုံတွေ့မှုမှာ ဂျိုကိုဗစ်က အမြဲလိုလို အသာရခဲ့ပေမယ့် မြေစေးကွင်းမှာတော့ နဒါးလ်က အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကမှ မက်ဒရစ် အိုးပင်းမှာ ချန်ပီယံဖြစ်ထားတဲ့ ဂျိုကိုဗစ်ဟာ အီတလီ အိုးပင်းမှာတော့ နဒါးလ်ကို မယှဉ်နိုင်ဘဲ ရှုံးခဲ့တာပါ။

နဒါးလ်ဟာ မြေစေးကွင်းမှာ သူ့ရဲ့ အကောင်းဆုံး လက်စွမ်းကို ပြနိုင်ခဲ့ပြီး ဂျိုကိုဗစ်ကို ၆-၀၊ ၄-၆၊ ၆-၁နဲ့ ၂-၁ပွဲ အနိုင်ရပြီး အီတလီအိုးပင်းမှာ ၉ကြိမ်မြောက် ချန်ပီယံ ဖြစ်လာတာပါ။ ဒါဟာ နဒါးလ်အတွက် ၂၀၁၉ နှစ်အတွင်း ဗိုလ်စွဲတဲ့ ပထမဆုံး ဆုဖလားလည်းဖြစ်ပြီး ATP Tour Masters 1000 ပြိုင်ပွဲတွေမှာ ၃၄ကြိမ်မြောက် ချန်ပီယံလာပြီး အအောင်မြင်ဆုံးတင်းနစ်သမားအဖြစ် ဂျိုကိုဗစ်ကို ၁ပွဲ အသာရခဲ့ပါတယ်။

အီတလီ အိုးပင်းမှာ ၄ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ ဂျိုကိုဗစ်အတွက်တော့ ဖိုင်နယ်ကို နောက်ဆုံး ၄နှစ်အတွင်းမှာ ၃ကြိမ် တက်ခဲ့ပေမယ့် အန်ဒီမာရေးလ်၊ ဗယ်လ်ရာ၊ နဒါးလ်တို့ကို ၃ဦးကို ရှုံးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာတော့ ချက်တင်းနစ်မယ့် ပလစ်ကိုဗာက ဗြိတိန်က ယိုဟာနာ ကွန်တာကို ၆-၃၊၆-၄နဲ့ အနိုင်ရခဲ့ပါတယ်။

မြေစေးကွင်းရဲ့ ဂရင်းစလန် တင်းနစ်ပြိုင်ပွဲဖြစ်တဲ့ ပြင်သစ်အိုးပင်းကို လာမယ့် မေလ ၂၆ရက်နေ့ကနေ ဇွန်လ ၉ရက်နေ့အထိ ပဲရစ်မြို့မှာ ကျင်းပတော့မှာ ဖြစ်ပြီး လက်ရှိချန်ပီယံ နဒါးလ်အတွက် ယုံကြည်မှုပိုရလာခဲ့ပါတယ်။ နဒါးလ်ဟာ ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ နောက်ဆုံး ၁၄နှစ်အတွင်းမှာ ၁၁ကြိမ် ချန်ပီယံ ဖြစ်ထားသူဖြစ်ပြီး ဖက်ဒါရာ၊ ၀ါဝရင်ကာနဲ့ ဂျိုကိုဗစ်တို့က ၁ကြိမ်စီ ရခဲ့ကြတာ ဖြစ်ပါတယ်။

-Ref:BBC