ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပေါင်းတည်မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၇

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းသို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်၌ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင် ပေါင်းတည်မြို့သို့ ရောက်ရှိကာ ပေါင်းတည်မြို့နယ် ပါတီရုံးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံအလေးပြုကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ပါတီဥက္ကဋ္ဌမှ အမှာစကား ပြောကြားပြီးနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှ ပြည်ထောင်စုအစိုးရ အဖွဲ့များတွင် နိုင်ငံခြားသားများ ငှါးရမ်းတာဝန် ပေးထားရှိမှုကိစ္စ၊ ရခိုင်ပြည်နယ်အရေးကိစ္စများ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုများနှင့်ပတ်သက်၍ သိရှိလိုကြောင်း မေးမြန်းရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်တို့မှ ပြန်လည်ဖြေကြားခဲ့ကြပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေးမှ နိဂုံးချုပ်စကား ပြောကြားသည်။

အစီအစဉ်အရ အခမ်းအနားအား ကြွေးကြော်သံများဟစ်ကြွေးကြကာ ရုတ်သိမ်းခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမူဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ဒုဥက္ကဋ္ဌ ဦးအောင်ချိုဦး ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာနန္ဒာလှမြင့်၊ ဒေါ်ခင်ဆွေမြင့်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။