ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပေါက်ခေါင်းမြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၆

ပဲခူးတိုင်းဒေသကြီးသို့ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်၌ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ပေါက်ခေါင်းမြို့နယ် ပါတီရုံးခန်းမ၌ ပေါက်ခေါင်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ပါတီဥက္ကဋ္ဌမှ အမှာစကား ပြောကြားပြီးနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှ ပင်စင်လခစားများ၊ ရွှေ့ပြောင်းလုပ်သားများ၊ အလုပ်အကိုင်ဖန်တီးမှုများ၊ ခေတ်ကာလနှင့် မကိုက်ညီသော ဥပဒေများပြင်ဆင်ပေးရေး ကိစ္စများအား ပါတီမှမည်ကဲ့သို့ ဖော်ဆောင် ပေးနိုင်မှုအပေါ် သိရှိလိုကြောင်း မေးမြန်းရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်တို့မှ ပြန်လည်ဖြေကြားခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နိဂုံးချုပ်စကား ပြောကြားသည်။

အစီအစဉ်အရ အခမ်းအနားအား ကြွေးကြော်သံများ ဟစ်ကြွေးကြကာ ရုတ်သိမ်းခဲ့သည်။ အဆိုပါ အခမ်းအနားသို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှူဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ဒုဥက္ကဋ္ဌ ဦးအောင်ချိုဦး ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာနန္ဒာလှမြင့်၊ ဒေါ်ခင်ရွှေမြင့် နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။