ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး သနပ်ပင်မြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ သနပ်ပင်မြို့နယ် ပါတီရုံးခန်းမ၌ သနပ်ပင်မြို့နယ်မှ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ကာ အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကားေ ပြာကြားခဲ့သည်။ ပါတီဥက္ကဋ္ဌမှ အမှာစကား ပြောကြားပြီးနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်းမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုများ၊ ကုန်ဈေးနှုန်း ကြီးမြင့်သည့်အတွက် ပြည်သူများ အခက်အခဲဖြစ်ပေါ်နေသည့်အပေါ် ဖြေရှင်းပေးရန်၊ တောင်သူလယ်သမားများ အခက်အခဲများစွာ ဖြစ်ပေါ်နေသည့် စိုက်ပျိုးစရိတ်နှင့် သီနှံဈေးနှုန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းပြည်၏ ဘတ်ဂျက်လိုငွေပြမှုများ စီးပွားရေးကျဆင်းနေမှုများ ပတ်သက်ပြီး သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ပါတီဥက္ကဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းတို့မှ ပြန်လည်ဖြေကြား ခဲ့သည်။

အစီအစဉ်အရ အခမ်းအနားအား ကြွေးကြော်သံများ ဟစ်ကြွေးကြကာ ရုတ်သိမ်းခဲ့သည်။ အဆိုပါ အခမ်းအနားသို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း၊ ဗဟိုအလုပ်အမှူဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာ နန္ဒာလှမြင့်နှင့် ပါတီဝင် ၁၀၀ ဦးကျော် တက်ရောက် ခဲ့ကြသည်။