ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဌာနမှူး ဦးလှစိုး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ယူနန်ပြည်နယ်သို့ လေ့လာရေး ခရီးထွက်ခွာ

 

နေပြည်တော် မေ ၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် Yunnan Normal University တွင် ယမန်နေ့မှ ယခုလ ၁၄ရက်အထိ ဖွင့်လှစ်မည့် တရုတ်ဘာသာစကား ကွင်းဆင်းလေ့လာရေး သင်တန်းတက်ရောက်ရန်အတွက် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်၊ ဌာနမှူး ဦးလှစိုး ခေါင်းဆောင်သော အဖွဲ့ဝင်ခြောက်ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီ ၅၅ မိနစ်က တရုတ်လေကြောင်း ခရီးစဉ် MU 2580 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာခဲ့ကြသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် နိုင်ငံတကာနှင့် ပြည်တွင်း ပြည်ပဆက်ဆံရေး ကော်မတီအကြံပေး ဦးဆွေဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၊ ယဉ်ကျေးမှုဌာန တာဝန်ခံ ဦးရည်လှိုင်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နည်းတူ အစိုးရဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ ကိုယ်စားလှယ်များ သွားရောက်လေ့လာမည် ဖြစ်ကြောင်း သိရသည်။