ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝေလွင်လေဘေးသင့် အိမ်ထောင်စု များအား ဆန်အိတ်များ ထောက်ပံ့လှူဒါန်း
နေပြည်တော် မေ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင် သည် ဧပြီ ၁၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့သည့် ပုဗ္ဗသီရိမြို့နယ် သပြေစမ်းကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုဝင် ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ တွင် ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိ မြို့နယ် သပြေစမ်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌက လေဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၄ စုအား အားပေးစကားများ ပြောကြားကာ ဆန်အိတ်များ ထောက်ပံ့လှူဒါန်း ပေးခဲ့ပြီး နံနက် ၉ နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့သည်။
ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ လေဘေးသင့် အိမ်ထောင်စု ခြောက်စုအားလည်း အားပေးစကား ပြောကြား၍ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့်အတူ နာယက ဦးခင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဌေးဝင်း၊ နေပြည်တော်ခရိုင် ပါတီအတွင်းရေးမှူး ဦးနွေနှင်းမောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီများ တက်ရောက်ကြသည်။