ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပန်းတနော်မြို့နယ် အမျိုးသမီးရေးရာ တွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
ပန်းတနော် မေ ၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော အမျိုးသမီးရေးရာ တွေ့ဆုံပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနား ကျင်းပရာတွင် နိုင်ငံတော် အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုပြီး အခမ်းအနား ဖွင့်လှစ်ခြင်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နွယ်နွယ်ဦးက လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ်က ဂုဏ်ပြုအမှာစကား ပြောကြားခြင်း၊ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်များက ဆွေးနွေးတွေ့ရှိချက်များအား ဖတ်ကြားတင်ပြခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်ခင်စောမူက ပြန်လည်သုံးသပ် ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်က နိဂုံးချုပ်အမှာစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်နှင့် ဗဟို ပါတီကော်မတီဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ ညောင်တုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဓနုဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီတို့မှ ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၁၈ဝ တက် ရောက်ခဲ့ကြကြောင်း သိရသည်။ မောင်ခိုင်ဖြိုး(ပန်းတနော်)