PFA အကောင်းဆုံးဆုကို လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ဆွတ်ခူးရရှိခဲ့ပြီး လူငယ်အကောင်းဆုံးဆုနှင့်သာ စတာလင် ကျေနပ်ခဲ့ရ

လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်သည် ၂၀၁၉ PFA အကောင်းဆုံးကစားသမားဆု (PFA Player  of  the  Year) အား အဓိကပြိုင်ဘက် မန်းစီးတီးတောင်ပံတိုက်စစ်ကစားသမား စတာလင် ကိုကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ စတာလင်မှာမူ အကောင်းဆုံးလူငယ်ကစားသမားဆုနှင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

PFA  Awards အခမ်းအနားကို ဧပြီလ ၂၈ ရက်(တနင်္ဂနွေနေ့) လန်ဒန်မြို့ရှိ  Grosvenor  House Hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆန်ခါတင်ခြောက်ဦး စာရင်းကို ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ ဗန်ဒိုက်၊ စတာလင်၊ မာနေ၊ ဟာဇက်၊ အဂွာရိုးနှင့် ဘာနာဒိုဆေးလ်ဗားတို့ ပါဝင်ခဲ့ပြီး ဗန်ဒိုက်နှင့် စတာလင်တို့မှာ ယခုနှစ်အကောင်းဆုံးအတွက် အပြတ်အသက် ရေပန်းစားခဲ့သည်။

ပြီးခဲ့သည့် PFA အကောင်းဆုံးဆုကိုလည်း ဆာလာမှ ဆွတ်ခူးရရှိခဲ့သောကြောင့် လီဗာပူးလ်အသင်းအနေဖြင့် နှစ်နှစ်ဆက်တိုက်ရရှိခြင်းဖြစ်ပြီး ဗန်ဒိုက်မှာ ၂၀၀၅ ခုနှစ်က ချယ်လ်ဆီးနောက်ခံလူ တယ်ရီ ရရှိပြီးနောက် ယင်းဆုကို သိမ်းပိုက်နိုင်သည့် ပထမဆုံး နောက်ခံလူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ဗန်ဒိုက်သည် ယင်းဆုကို ရှစ်ဦးမြောက်ရရှိသည့် လီဗာပူးလ် ကစားသမားအဖြစ် စာရင်းဝင်ခဲ့သည်။ အမျိုးသမီးအကောင်းဆုံးဆုကို မီယက်မာနှင့် အမျိုးသမီးလူငယ် အကောင်းဆုံး ဆုကို စတန်ဝေး တို့က ရရှိခဲ့ကြောင်း သိရသည်။

-Ref:Skysports