လက်နက်ရောင်းဝယ်ရေးစာချုပ်မှ ဒေါ်နယ်ထရန့် နုတ်ထွက်မှုကို အီးယူရှုတ်ချ

ကမ္ဘာ့လက်နက် ရောင်းဝယ်မှု စနစ်တကျဖြစ်စေ ရေး ပုံဖော်ထားသော ကုလသမဂ္ဂ သဘောတူညီချက်ကို အမေရိ ကန်သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချခြင်းသည် ကမ္ဘာတစ်ဝန်း တရားမဝင်လက်နက်ရောင်းဝယ် မှုများကို တိုက်ဖျက်ရေး နှောင့်နှေးစေသည်ဟု ဥရောပသမဂ္ဂက သတိပေးပြောကြားသည်။ လက်မှတ်ရေးထိုးမှု ပြန်လည် ရုပ်သိမ်းရန် အမေရိကန်၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာ လက်နက်ကုန်သွယ်မှု၌ ပွင့်လင်း မြင်သာမှုရှိရေး၊ တရားမဝင် ရောင်းဝယ်မှု တားဆီးရေးနှင့် သမားရိုးကျလက်နက်များ မသမာသူများထံ မရောက်ရန် ဆက်လက် လုပ်ဆောင်နေသော ကြိုးပမ်းမှုများ၌ အထောက်အကူမဖြစ်ဟု အီးယူ၏ သံတမန်ရေးရာ အကြီးအကဲ မစ္စစ်ဖီဒီရီကာမိုဂီရီနီ က ပြောသည်။

နိုင်ငံအားလုံး အထူးသဖြင့် လက်နက်အများအပြား ရောင်းချသော နိုင်ငံများ၊ တင်သွင်းသော နိုင်ငံများက ကုလသမဂ္ဂ၏ သဘောတူညီချက်တွင် အမြန်ဆုံးပါဝင်လာစေရေး အီးယူက ဆက်လက်တိုက်တွန်းမည်ဟု မစ္စစ်မိုဂီ ရီနီက ပြောသည်။ ကမ္ဘာ့လက်နက်ရောင်းဝယ်မှု စည်းကမ်းတကျဖြစ်ရန် ရည်ရွယ်သော ၂၀၁၃ သဘော တူညီချက်ကို အမေရိကန်က လိုက်နာမည် မဟုတ်ဟု သမ္မတထရန့်က ဧပြီ ၂၆ ရက်တွင် ပြောကြားသည်။

ယင်းသဘောတူညီချက်ကို ကန်သမ္မတဟောင်း အိုဘားမားက လက်မှတ်ထိုးခဲ့သော်လည်း ကန်လွှတ်တော်က မည်သည့်အချိန်ကမျှ အတည်မပြုခဲ့ပေ။ အဆိုပါ သဘောတူညီချက်သည် နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရန် အရေးပါသည်ဟု အီးယူက ရှုမြင်ကြောင်း မိုဂီရီနီကပြောသည်။ ၂၀၁၄ ဒီဇင်ဘာက အသက်ဝင်ခဲ့သော စာချုပ်တွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာ လက်နက်ရောင်းချမှု မှတ်တမ်းထားရှိရေး၊ အရပ်သားများကို တိုက်ခိုက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ရာတွင် အသုံးပြုနိုင်ခြေရှိသော နယ်စပ် ဖြတ်ကျော် လက်နက်ပေးပို့မှုများ ပိတ်ပင်တားဆီးရေး လုပ်ဆောင်ရန် ပါဝင်သည်။ ယင်းသဘောတူညီချက်ကို နိုင်ငံပေါင်း ၁၃၀ က လက်မှတ်ထိုးခဲ့ပြီး ၁၀၁ နိုင်ငံက အတည်ပြုခဲ့သည်။ ကမ္ဘာပေါ်တွင် လက်နက် အများဆုံး ထုတ်လုပ် ရောင်းချသော အမေရိကန်၊ တရုတ်နှင့် ဆိုဗီယက်တို့သည် ယင်းစာချုပ်၌ ပါဝင်ခြင်း မရှိပေ။

—Ref: AFP