၂၀၁၉ PFA အကောင်းဆုံးဆုကို လီဗာပူးနောက်ခံလူ ဗန်ဒိုက်ရရှိ

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ မန်စီးတီးတောင်ပံကစားသမား စတာလင်းကို ကျော်ပြီး ၂၀၁၉ခုနှစ်ရဲ့PFA အကောင်းဆုံး ကစားသမားဆုကို ရသွားပါတယ်။ အကောင်းဆုံးကစားသမားဆုကို တရားဝင် မကြေငြာသေးပေမယ့် ဒေးလီးမေးလ်သတင်းစာကတော့ ဗန်ဒိုက်ရဖို့ သေချာသွားပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

အကောင်းဆုံးကစားသမားစာရင်းမှာ ဗန်ဒိုက်နဲ့အတူ စတာလင်း၊ မာနေး၊ ဟာဇက်၊ အဂွဲရိုး၊ ဘာနာဒိုဆေးလ်ဗား တို့ပါဝင်ပြီး ဗန်ဒိုက်နဲ့ စတာလင်းတို့ကတော့ ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘ၀တူပရော်ဖက်ရှင်နယ် ကစားသမားတွေရဲ့ ဆန္ဒမဲရရှိမှုမှာ ဗန်ဒိုက်ကအသာရခဲ့ပြီး အကောင်းဆုံးဆုကိုရဖို့ သေချာသွားပြီလို့လည်း သိရပါတယ်။

ဒါဟာ ၂၀၀၅ခုနှစ်က ချဲလ်ဆီးအသင်းခေါင်းဆောင် တယ်ရီ နောက်ပိုင်း တစ်နှစ်တာ PFA အကောင်းဆုံးဆုကို နောက်ခံလူတစ်ဦးက ပြန်လည်ရရှိတာပါ။ အကောင်းဆုံးဆုပေးပွဲကို ဧပြီလ(၂၈)ရက်နေ့၊ လန်ဒန်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ လီဗာပူးဟာ ဒီရာသီပရီးမီးယားလိဂ် ဗန်ဒိုက်ပါဝင်တဲ့ပွဲတွေထဲ တစ်ပွဲပဲရှုံးခဲ့ပါတယ်။

-Ref:Skysports