အီရန်၏ ရေနံတင်ပို့မှုများအပေါ် အမေရိကန် ပြန်လည်တင်းကြပ်

အမေရိကန်အစိုးရဟာ အီရန်နိုင်ငံရဲ့ရေနံတင်ပို့မှုတွေလုံးဝရပ်ဆိုင်းသွားအောင်လုပ်ဖို့ အီရန်အပေါ်ဖိအားပေးမှုတွေ ပြန်လည်လုပ်ဆောင်နေပါတယ်။ အခြားနိုင်ငံတွေအားလုံးလည်း အီရန်နိုင်ငံဆီက ရေနံတင်သွင်းနေတာကို ရပ်တန်းကရပ်ဖို့နဲ့ အဲလိုမှမဟုတ်ရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုပြီးတော့ အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကလည်း အီရန်နိုင်ငံဆီက ရေနံတင်သွင်းနေတဲ့နိုင်ငံတစ်ချို့ကို အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ လျှော့ပေါ့မပေးတော့ဘူးဆိုပြီး Washington Post ဆောင်းပါးရှင်တစ်ဦးက ရေးသားခဲ့ပါတယ်။ (၂၀၁၅)အီရန်နျူကလီးယားစာချုပ်ကနေ အမေရိကန်နုတ်ထွက်ပြီလို့ သမ္မတဒေါ်နယ်လ်ထရမ့် ကြေညာခဲ့ပြီးနောက်မှာ ဒီကိစ္စတွေဖြစ်လာခဲ့တာပါ။ အဲဒီနောက် ပြီးခဲ့တဲ့နိုဝင်ဘာလကလည်း အီရန်ရဲ့ ရေနံတင်ပို့မှုအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ အီရန်ဆီက ရေနံလျှော့ဝယ်တဲ့ နိုင်ငံ(၈)နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးမယ်ဆိုပြီး အမေရိကန်က ကြေညာခဲ့ပါတယ်။ အဲဒီနိုင်ငံတွေအားလုံးကို (၆)လ ကြာဒဏ်ခတ်ပိတ်ဆို့မှုတွေမလုပ်ပဲ အီရန်နိုင်ငံဆီကနေ ရေနံဆက်ဝယ်ခွင့်ပေးခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မေလဒုတိယအပတ်ထဲအထိ လျော့ပေးမယ်ဆိုတဲ့အမေရိကန်ရဲ့ကြေညာချက်ကြောင့် အခုလ(၂၂)ရက်နေ့က Brent crude oil futures ရေနံဈေးတွေ ထိုးတက်သွားခဲ့ပါတယ်။ ဒါကြောင့် အာရှစီးပွားရေး နိုင်ငံတွေလည်း အထိနာခဲ့ပါတယ်။ အီရန်ဆီက ရေနံကို အဓိက၀ယ်ယူနေတဲ့ တရုတ်နဲ့ အိန္ဒိယတို့ကတော့ ဒဏ်ခတ် ပိတ်ဆို့မှုတွေေ လျှာ့ပေါ့ပေးတဲ့အချိန်ကို ထပ်တိုးပေးစေချင်နေကြပါတယ်။ အမေရိကန် အစိုးရက အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို ရပ်ဆိုင်းဖို့နဲ့ အရှေ့အလယ်ပိုင်းက စစ်သွေးကြွတွေကို အီရန်က ကျောထောက်နောက်ခံ ပြုပေးနေတာကို ရပ်တန့်စေဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် အီရန်ရဲ့ အဓိက ၀င်ငွေ လမ်းကြောင်းဖြစ်တဲ့ ရေနံတင်ပို့မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ပြီး အီရန်ရဲ့ စီးပွားရေးကို အထိနာအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။