ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မှ ဥရောပသမဂ္ဂ၊ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲဟောင်း Alexander Graf Lambsdorff အား လက်ခံတွေ့ဆုံ

 

၂-၄-၂၀၁၉ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဥရောပသမဂ္ဂ၊ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲဟောင်း Alexander Graf Lambsdorff အား ၂၀၁၉ ခုနှစ် ဧပြီလ(၂)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဥရောပသမဂ္ဂ၊ ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အတွေ့အကြုံနှင့် သုံးသပ်ချက်များ၊ ၂၀၂၀ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲများတွင် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိရေး၊ ရွေးကောက်ပွဲကော်မရှင်များ၏ သမာသမတ်ကျသော အခန်းကဏ္ဍမှ ရပ်တည်ရေး၊ နိုင်ငံရေးပါတီများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးမှုများပြုရေးကို အမြင်ချင်းဖလှယ်ခဲ့ပြီး အမျိုးသမီးကဏ္ဍမြှင့် တင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့်အတူ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးနိုင်၊ ဦးခင်ရီနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။