မက်ဆီ အပေါ်မှီခိုနေခြင်းက ခွင့်လွှတ်နိုင်စရာမရှိ

ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ဗီလာရီးယဲလ်နှင့် ၄-၄ သရေကျခဲ့သည့်ပွဲတွင် သရေတစ်မှတ်အတွက် နောက်မှလိုက်ကစားခဲ့ရပြီး အသင်းမှာ မက်ဆီအပေါ်မှီခိုလွန်းသည့် ကစားပုံက ခွင့်လွှတ်နိုင်စရာ မရှိဟု ပြောကြားသွားခဲ့သည်။

ဘာစီလိုနာမှာ မက်ဆီကို အရန်ခုံထိုင်ခိုင်းထားပြီး ပွဲအစ ၁၆ မိနစ်အတွင်း ကော်တင်ညို၊ မဲလ်ကွမ်းတို့၏ သွင်းဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းပွဲချိန် ၆၁ မိနစ်တွင် မက်ဆီ လူစားဝင် ကစားခဲ့သော်လည်း ဗီလာရီးယဲလ်အသင်းက အံ့အားသင့်ဖွယ်ခြေစွမ်းနှင့် ချေပဂိုးနှစ်ဂိုးအပြင် ဦးဆောင်ဂိုးများကို သွင်းယူခဲ့ခြင်းကြောင့် ဘာစီလိုနာမှာ ၄-၂ ဖြင့် ရှုံးပွဲကြုံရမည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ နောက်ကျမိနစ်တွင် ဗီလာရီးယဲလ်မှ ဂွန်ဇာလတ်ထုတ်ပယ်ခံလိုက်ရပြီးနောက် မက်ဆီက ဖရီးမှတဆင့်ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီး နာကျင်အချိန်ပိုတွင် ဆွာရက်ဇ်၏ ချေပဂိုးကြောင့် ရှုံးပွဲကြုံမည့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်။

ဗယ်လ်ဗာဒီက မက်ဆီကို အရန်ခုံပို့ခဲ့ခြင်းမှာ လာမည့်စနေနေ့တွင် ဒုတိယနေရာမှ အက်သလက်တီကိုနှင့် ကစားရမည့် ပွဲစဉ်ရှိနေသည့်အပြင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် မန်ယူအသင်းနှင့် ကစားရမည့် ပွဲစဉ်တို့ကြောင့် အနားပေးခဲ့ခြင်းဖြစ်သည်။ ဗယ်လ်ဗာဒီက ” မက်ဆီအပေါ် မှီခိုနေကြတာပါ။ ဒီလိုသာမှီခိုနေရင် ကမ္ဘာ့ပေါ်မှာရှိတဲ့အသင်း ဘယ်အသင်းမဆို နုတ်ထွက်သွားရမှာပါ။ အသင်းအနေနဲ့ မက်ဆီ မပါချိန်မျိုးမှာလည်း နိုင်ပွဲရအောင် အားထုတ်သင့်တယ်။ လီယိုက အသင်းအတွက် အခြေခံကျသူတစ်ယောက်ပါ။ အသင်းရဲ့ အမှတ်အသားတစ်ခုလည်းဖြစ်တယ်။ အကောင်းဆုံး ကစားသမားတစ်ယောက်လို့လည်း သတ်မှတ်ထားကြသူပါ ” ဟုပြောကြားသွားခဲ့သည်။

-Ref:Skysports