ဆိုးလ်ရှား ကို (၃)နှစ်စာချုပ်နဲ့ အမြဲတမ်းနည်းပြခန့်အပ်ခဲ့တဲ့ မန်ယူ

မန်ယူအသင်းဟာ ယာယီနည်းပြဆိုးလ်ရှားကို (၃)နှစ်စာချုပ်နဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ အသက်(၄၆)နှစ်အရွယ်ဆိုးလ်ရှားဟာ ဒီဇင်ဘာလက မော်ရင်ညိုနေရာမှာ ယာယီနည်းပြအနေနဲ့ မန်ယူကို ရောက်လာခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကို ဆိုးလ်ရှားစတင်ကိုင်တွယ်ချိန်တုန်းက မန်ယူဟာ အမှတ်ပေးဇယား အဆင့်(၆)နေရာမှာရပ်တည်ခဲ့ပြီး အဆင့်(၄)နေရာက အသင်းနဲ့ (၁၁)မှတ်အထိကွာဟခဲ့ပါတယ်။ အခုအခါမှာတော့ မန်ယူအသင်းဟာ အမှတ်ပေးဇယားအဆင့်(၅)နေရာမှာရပ်တည်နေပြီး အဆင့်(၄)နေရာက အာဆင်နယ်နဲ့(၂)မှတ် အကွာကို ရောက်လာပါတယ်။ ဒါ့အပြင် မန်ယူအသင်းကလည်း ၂၀၁၄ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားက “မန်ယူနည်းပြရာထူးဟာ ကျွန်တော် အမြဲတမ်း အိပ်မက်မက်နေတဲ့အရာပါ။ အသင်းကို ကာလရှည်ဦးဆောင်ဖို့ အခွင့်အရေးရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ဒီကိုပထမဆုံး စရောက်တုန်းက ထူးခြားတဲ့အသင်းကြီးမှာ ကိုယ့်အိမ်လိုခံစားမိပါတယ်။ မန်ယူကစားသမားတစ်ယောက်အနေနဲ့ ဂုဏ်ယူခဲ့ရပါတယ်။ အခုအခါမှာတော့ဒီမှာ ကျွန်တော့်ရဲ့နည်းပြဘ၀ကို စတင်ပါတော့မယ်။ ပြီးခဲ့တဲ့လအနည်းငယ်က ထူးခြားတဲ့အတွေ့အကြုံတွေရခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ၂၀၁၃မှာ ဖာဂူဆန်အနားယူခဲ့ပြီးတဲ့နောက် မန်ယူအသင်းရဲ့ (၄)ယောက်မြောက် အမြဲတမ်းနည်းပြ ဖြစ်လာပါတယ်။

-Ref:Skysports