ကြက်သွန်နီ ဈေးနှုန်းထိုးကျနေသဖြင့် တောင်သူများအရှုံးပေါ်နေ

ပြည်​တွင်းပြည်​ပက ဝယ်​လက်​​တွေ ရှားပါးလာတဲ့အတွက်​ ကြက်​သွန်​နီ ​ဈေးနှုန်းတွေ တရှိန်ထိုးကျဆင်းနေပြီး ကြက်သွန်စိုက်တောင်သူတွေ အရှုံးပေါ်နေပါတယ်။

လက်​ရှိကြက်​သွန်​နီ​ဈေးနှုန်းဟာ တပိဿာကို ကျပ် ၃၅၀ ထိ ​ဈေးဆစ်​ခံ​နေကြရပြီး လက်​လီ​ဈေးကွက်​ပဲ အ​ရောင်းဝယ်​ဖြစ်နေတယ်လို့ မ​ကွေးမြို့က ကြက်​သွန်​ပွဲရုံလုပ်​ငန်း လုပ်​ကိုင်​သူ ဦးမြင့်​​အောင်​ကပြောပါတယ်။

“ပြည်​မြို့၊​အောင်​လံမြို့တို့က အနည်းငယ်​သာမှာယူကြပြီး ​ရန်​ကုန်​ဘက်​က မှာယူမှု မရှိသ​လောက်​ဖြစ်​​နေတယ်။ ကြက်​သွန်​နီ အထွက်​နှုန်း​ကောင်း​ပေမယ့် အလုံးကြီး​တွေ အ​ရောင်း ဝယ်​နည်းပြီး အလုံးလတ်​၊ အလုံး​ချော​တွေသာ လက်​လီ​ဈေးကွက်​မှာ အ​ရောင်းဝယ်​ဖြစ်​​နေတာ” လို့ ပြောပါတယ်​။

မြန်​မာနိုင်​ငံကထွက်​တဲ့ ကြက်​သွန်​နီ​တွေကို အရင်​နှစ်​​တွေက အိန္ဒိယနိုင်​ငံနဲ့ ဘင်္ဂလား​ဒေ့ရှ်​ နိုင်​ငံ​တွေက အဓိကဝယ်​ယူခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာတော့ ရန်​ကုန်​ကုန်​စည်​ဒိုင်​​တွေက အ၀ယ်မရှိသ​လောက်​ဖြစ်​နေသလို ရခိုင်​ပြည်​နယ်​ဘက်​မှာတိုက်​ပွဲ​တွေ ဖြစ်​​နေလို့ ဘင်္ဂလားဒေ့ရှ်ဘက်ပို့မယ့် ဝယ်​လက်​​တွေလည်း မလာကြတဲ့အတွက်​ ​ဈေးနှုန်းကျဆင်းတာလို့ ကုန်တွေထံက သိရပါတယ်။

ဒါ့အပြင် အခုနှစ်မှာ ရာသီဥတုနဲ့ ပိုးမွှားဖျက်​ဆီးတဲ့အတွက်လည်း​ ကြက်​သွန်​နီ အထွက်​နှုန်း​လျော့ပြီး အရှုံးပေါ်နေတယ်လို့ ကြက်သွန်စိုက်တောင်သူတွေကပြောပါတယ်။

မြို့သစ်​မြို့နယ်​က ကြက်​သွန်​နီစိုက်​​တောင်​သူ ဦး​အောင်​ကြီး က​တော့ “ပြည်​ပ ပို့ကုန်​ အဖြစ်​တင်​ပို့နိုင်​မှ ​ဈေး​ကောင်း ရရှိ​နိုင်​မှာဖြစ်​တယ်​။ တောင်​သူ​တွေ ဟာ အရင်းနှီး စိုက်​ထုတ်​သ​လောက်​ သီးနှံ​ဈေး​ကောင်းမရတဲ့အတွက်​ အရှုံး​ပေါ်​နေတာပါ။ သီးနှံ ​ဈေးကွက်​နဲ့ အထွက်​နှုန်းမ ကောင်းတဲ့ အတွက်​ တချို့​တောင်​သူ​တွေနဲ့ လုပ်​သား​တွေဟာ ပြည်​ပထွက်​ပြီး အလုပ်​လုပ်​ကိုင်​ကြတဲ့ အတွက်​ အလုပ်​သမားရှားပါးပြီး အထွက်​နှုန်းထိခိုက်​တာ​တွေလည်း ရှိ​နေပါတယ်​လို့”ဆိုပါတယ်​။

မနှစ်က ကြက်​သွန်​နီ တ​ပိဿာကို အမြင့်ဆုံး​ဈေးကျပ်  ၂၅၀၀ ရောင်းချခဲ့ရ​ပေမယ့် အခုနှစ်​ကြက်​သွန်​​ပေါ်ချိန်​မှာတော့ တ​ပိဿာကိုကျပ်   ၄၅၀ လောက်နဲ့သာ ​ရောင်းချကြရတဲ့ အတွက်​ တောင်​သူ​တွေ အရှုံးနဲ့ ရင်​ဆိုင်​​နေကြရတာပါ။

မြို့သစ်​မြို့နယ်​ကွင်း​ကျေးရွာက ကြက်​သွန်​နီစိုက်​ ​တောင်​သူ ကို​အေးလွင်​က” အရင်နှစ်​က တပိဿာကို အနိမ့်​ဆုံး ၆၅၀ ကျပ်​ထိ ​ရောင်းရ​ပေမယ့် ယခုနှစ်​မှာ ၄၅၀ ကျပ်​သာ ရရှိတာပါ။ လုပ်​သားငှားရတဲ့ အ​နေထားနဲ့ဆိုရင်​ တွက်​​ခြေ မကိုက်​ဘူး အရှုံး​ပေါ်တယ်​လို့”​ပြောပါတယ်​။

ကြက်​သွန်​နီ​ဈေးနှုန်း ကျဆင်း​ပေမယ့်လည်း ​မြေသြဇာ၊ ပိုးသတ်​​ဆေး၊​ ပေါင်းသတ်​​ဆေး ​ဈေးနှုန်း​တွေကတော့ မြင့်​တက်​ ​နေတယ်​လို့ သိရပါတယ်​။

ကြက်​သွန်​နီ ကုန်သည်လုပ်​ငန်းရှင်​​တွေအ​နေနဲ့ ပြည်​ပ​ဈေးကွက်​ကို ချိတ်​ဆက်​ပြီး ထိုက်​သင့်​တဲ့ ​ဈေးနဲ့ ဝယ်​ပေးကြဖို့ ကြက်​သွန်​နီစိုက်​​တောင်​သူ​တွေက ​မျှော်လင့် နေကြပါတယ်။

by DVB