Twitter ပေါ်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ ပေါက်ကြားမှုဖြစ်ပွား

Twitter ပေါ်တွင် ယူအီးအက်ဖ်အေဒါရိုက်တာတစ်ဦးကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ မတော်တဆ ပေါက်ကြားမှုဖြစ်ပွားသွားခဲ့သည်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲမှုကို ယနေ့ညဦးပိုင်းတွင် ပြုလုပ်မည် ဖြစ်သော်လည်း ယူအီးအက်ဖ်အေ ဒါရိုက်တာတစ်ဦးက Twitter ပေါ်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်များ ပါဝင်နေသည့် စာရွက်တစ်စောင်ကို မတော်တဆ တင်လိုက်မိရာမှ ပေါက်ကြားသွားခဲ့ခြင်းဖြစ်သည်။ ၄င်းက သူက သူ၏ ပို့စ်ကို ချက်ချင်းဆိုသလို စက္ကန့်ပိုင်းအတွင်း ပြန်ဖျက်သွားခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်း လူအများ စိတ်ဝင်တစား ရှိခဲ့ပြီး အကြီးအကျယ် လှုပ်ခတ်သွားခဲ့သည်။

ပို့စ်တွင် တင်ထားသည့် စာရွက်ပေါ်တွင် မန်ယူ-စပါး၊ ဘာစီလိုနာ-မန်စီးတီး၊ ဂျူဗင်တပ်-ပေါ်တို၊ လီဗာပူး-အေဂျက် တို့ တွေ့ဆုံထားသည်ကို တွေ့ရသည်။ အဆိုစာရွက်တွင် ချန်ပီယံလိဂ်လိုဂိုကို အသုံးပြုထားပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲမှု ဆိုသည့် ခေါင်းစဉ်နှင့် တကွ ထွက်ပေါ်ခဲ့မှုကြောင့် အမှန်အမှားဆိုသည်ကို တိတိကျကျခွဲခြားရန် ခက်ခဲနေသည်။

ယခုလို ပေါက်ကြားခဲ့ မှုကြောင့် ယူအီးအက်ဖ်အေတွင် ကြိုတင်ကြံစည်မှုများ ရှိနေသည် ဆိုသည့် ဝေဖန်မှုများ ဂယက်ထသွားခဲ့သည်။ လူအများက လုပ်ပွဲများ ဖန်တီးနေသည်ဟု ထင်မြင်ယူဆခဲ့ကြသလို၊ တချို့မှာလည်း ယူအီးအက်ဖ်အေ အနေဖြင့် ကြေညာချက်စာမူကို အကြမ်းထုတ်ထားသည့် စာရွက်ဖြစ်နိုင်ကြောင်း ယူဆနေကြသည်။

-Ref:Skysports