တောင်ကိုရီးယားတွင် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး ဥပဒေကြမ်း အတည်ပြု

တောင်ကိုရီးယားနိုင်ငံဟာ လေထုညစ်ညမ်းမှုကို လူမှုရေးဘေးအန္တရာယ်အဖြစ် သတ်မှတ်ပြီး မတ်လ ၁၃ ရက် နေ့က လေထုညစ်ညမ်းမှုတိုက်ဖျက်ရေး ဥပဒေကြမ်းတွေကို အတည်ပြုခဲ့ပါတယ်။ အဲဒါက လေထုညစ်ညမ်းမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့ အရေးပေါ်ရန်ပုံငွေတွေကို ရစေမှာပဲ ဖြစ်ပါတယ်။

ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်လုပ်တာနဲ့ မော်တော်ယာဉ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်မားတာ စတဲ့ အကြောင်းခြင်းရာတွေက ကိုရီးယားနိုင်ငံရဲ့ လေထုညစ်ညမ်းမှုကို မြင့်တက်စေပါတယ်။

အဲဒီလို မြင့်တက်တာကြောင့် ပြည်သူတွေ စိုးရိမ်စိတ်ကြီးလာသလို သမ္မတထောက်ခံနှုန်း အပေါ်မှာလည်း သက်ရောက်မှု ရှိလာပါတယ်။

ဒီပြဿနာကို ဘေးအန္တရာယ်လို့ သတ်မှတ်လိုက်တာက လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ထိခိုက်မှုအတွက် အစိုးရရဲ့ အရန် ရန်ပုံငွေ တစိတ်တပိုင်းကို အသုံးပြုခွင့်ပြုတာပဲ ဖြစ်ပါတယ်။

ဒီနှစ် ကိုရီးယားအစိုးရ အရန် ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံအထိ ရှိပါတယ်။

ဒါ့အပြင် ကျောင်းတိုင်း လေသန့်စင်စက်ထားရှိရေး၊ ဓာတ်ဆီနဲ့ ဒီဇယ်တို့ထက် ကာဗွန်ထုတ်လွှတ်မှု နည်းပါးတဲ့ ဓာတ်ငွေ့ရည် (LPG) ရောင်းချမှု ကန့်သတ်ချက် ဖယ်ရှားရေး အပါအဝင် တခြားဥပဒေကြမ်းတွေကိုလည်း အတည်ပြုခဲ့ပါတယ်။ 

by DVB