ရုရှားတွင် အင်တာနက်ချိတ်ဆက်မှု တင်းကျပ်မည့် ဥပဒေကြမ်းအား လူထောင်ချီ ဆန့်ကျင်ဆန္ဒပြ

ရုရှားနိုင်ငံ မြို့တော် မော်စကိုနဲ့ တခြားမြို့နှစ်မြို့မှာ မတ်လ ၁၀ ရက်နေ့က ထောင်ချီတဲ့လူတွေ လမ်းပေါ်စုဝေးပြီး အင်တာနက်ချိတ်ဆက်မှု ပိုတင်းကျပ်မယ့် ဥပဒေကြမ်းကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

အငြင်းပွားဖွယ် အဲဒီဥပဒေကြမ်းကို ဖေဖော်ဝါရီလမှာ လွှတ်တော်အမတ်တွေက ထောက်ခံခဲ့ပြီး ရုရှား ပြည်တွင်းရေးမှာ ပြည်ပနိုင်ငံတွေက ကြားဝင်စွက်ဖက်တာကို တားဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

ဒါဟာ အတိုက်အခံတွေကို ဖိနှိပ်ဖို့ အသုံးချတာ ဖြစ်နိုင်တယ်လို့လည်း ဝေဖန်သူတွေက ပြောပါတယ်။

မော်စကိုမြို့မှာ လူပေါင်း တသောင်းခွဲကျော် စုဝေးခဲ့ပြီး ရဲအင်အား ခြောက်ထောင့်ငါးရာကျော်က လုံခြုံရေး တာဝန်ယူခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ စင်ပေါ်တက် မိန့်ခွန်းပြောခဲ့ကြပြီး အင်တာနက် ဖြတ်တောက်တာတွေ ကို ချက်ချင်းရပ်ဖို့ ကြွေးကြော်ခဲ့ကြပါတယ်။

မော်စကိုမြို့ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က လူ ၁၅ ဦးကို ဖမ်းခဲ့ပြီး သူတို့ရဲ့ ဆန္ဒပြဆိုင်းဘုတ်တွေကိုလည်း သိမ်းယူသွားခဲ့တယ်လို့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေကို ဖမ်းတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာတာတော့ မရှိပါဘူး။

ရုရှား အင်တာနက်ဝန်ဆောင်မှုကို ပြည်ပဆာဗာတွေနဲ့ ချိတ်ဆက်နေတာတွေ ဖြတ်တောက်ဖို့အပြင် အင်တာနက် ကွန်ရက် စီးဆင်းမှုနဲ့ ဒေတာတွေကို အစိုးရက ထိန်းချုပ်ခွင့်ပြုဖို့ အဲဒီဥပဒေကြမ်း က အဆိုပြုထားပါတယ်။

အဲဒီဥပဒေကြမ်းကို အခုလအတွင်း ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အောင်မြင်ခဲ့ရင် အထက်လွှတ်တော်နဲ့ သမ္မတ ဗလာဒီမာပူတင်တို့က လက်မှတ်ရေးထိုး အတည်ပြုဖို့ လိုအပ်ပါတယ်။

by DVB