ဗင်နီဇွဲလားနိုင်ငံရေးတွင် အမေရိကန်စစ်တပ် ကြားဝင်စွက်ဖက်မှု ရုရှား တားဆီးမည်

ဗင်နီဇွဲလားနိုင်ငံရေးမှာ အမေရိကန်စစ်တပ်က ကြားဝင်စွက်ဖက်တာကို ရုရှားအစိုးရအနေနဲ့ နည်းလမ်းအားလုံး သုံးပြီး တားဆီးသွားမယ်လို့ ရုရှား အထက်လွှတ်တော်ဥက္ကဋ္ဌ ဗယ်လင်တီနာ မာဗ်ဗီယန်ကိုက မတ်လ ၃ ရက်နေ့မှာ ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံရေးကို ကြားဝင်စွက်ဖက်ရေး အကြောင်းရှာဖို့ အမေရိကန်က ရန်လိုလာမှာကို ရုရှားအနေနဲ့ စိုးရိမ်နေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ မာဗ်ဗီယန်ကိုက မော်စကိုမြို့ကို ရောက်လာတဲ့ ဗင်နီဇွဲလား ဒုသမ္မတ ဒယ်လ်ကီ ရော်ဒရီဂဲ့ဇ်ကို ပြောခဲ့တာပါ။

အဲဒီလို အဖြစ်ခံမှာမဟုတ်ဘဲ မဖြစ်ဖြစ်အောင် တားဆီးသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုဟာ နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA ရဲ့ ဥရောပရုံးခွဲကို ရုရှားနိုင်ငံ မော်စကိုမြို့ကို ရွှေ့ဖို့ ညွှန်ကြားခဲ့တယ်လို့ ဒုသမ္မတက ပြောပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံအများအပြားက ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို သမ္မတအဖြစ် အသိအမှတ်ပြုကြပေမယ့် လက်ရှိသမ္မတ မာဒူရိုဟာ ဗင်နီဇွဲလား စစ်တပ် အပါအဝင် အစိုးရအဖွဲ့တွေနဲ့ နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA ကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ 

by DVB