မန်စီးတီးနှင့် ပူးမားကုမ္ပဏီ ပရီးမီးယားလိဂ်၏ ဒုတိယအကြီးဆုံး စပွန်ဆာစာချုပ် ချုပ်ဆို

မန်စီးတီးအသင်း သည် Puma နှင့် ပေါင်သန်း ၆၅၀  ရှိသော ၁၀ နှစ်သဘောတူညီချက်နှင့်အတူ အသင်း၏ ရာဇဝင်တွင် အကြီးမားဆုံးနှင့် ပရီးမီးယားလိဂ်၌ ဒုတိယအကြီးမားဆုံး စပွန်ဆာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံသည် လောလောဆယ် Nike နှင့် တွဲဖက်လုပ်ကိုင်နေ သော်လည်း ၂၀၁၉ နွေရာသီကစ၍ Puma နှင့် လက်တွဲမည်ဖြစ်သည်။

ယင်းစပွန်ဆာ စာချုပ်သည် မန်ယူနှင့် Adidas တို့ ချုပ်ဆိုခဲ့ သော သဘောတူညီချက်၏ နောက် ဒုတိယအများဆုံး ငွေပမာဏဖြစ်သည်။ ‘‘ကျွန်တော်တို့ အခုလုပ်ခဲ့တာကို အရင်က မလုပ်ခဲ့ဖူးလို့ ဒီကနေ့ဟာ သမိုင်းဝင်နေ့တစ်နေ့ပါ’’ ဟု ကလပ်အသင်း အမှုဆောင် အရာရှိချုပ် ဖာရန်ဆိုရီယာနိုက ပြောသည်။ သို့သော် Puma နှင့် မန်စီးတီးတို့၏ သဘောတူညီချက်တွင် မန်စီးတီး၏ ညီအစ်မအသင်းများဖြစ်သော မဲလ်ဘုန်းစီးတီး၊ Club Atletico Torque၊ Sichuan Jiuniu အသင်းများနှင့် အမျိုးသား၊ အမျိုးသမီး၊ လူငယ်အသင်းများလည်း ပါဝင်သည်။ မန်စီးတီး ဘောလုံးအုပ်စု၏ လက်တွဲပူးပေါင်းမှုသည် မိမိတို့ ဆောင်ရွက်ခဲ့သမျှတွင်ရည်ရွယ်ချက်ရော အတိုင်းအတာတွင်ပါ အကျယ်ပြန့်ဆုံး သဘာတူညီမှု ဖြစ်သည်ဟု Puma စီအီးအိုဘွန် ဂူလ်ဒင်က မန်စီးတီး ဝက်ဘ်ဆိုက် ၌ ပြောကြားသည်။ ယခုကြေညာချက်သည် မန်စီးတီးဘောလုံးအုပ်စု၏ စိတ်လှုပ်ရှားစရာ ကမ္ဘာသစ်တစ်ရပ် စတင်ရာတွင် ကိုယ်စားပြုသည်ဟု ဆိုရီယာနိုက ထပ်လောင်းပြောကြားသည်။

Puma သည် မန်စီးတီးတိုက်စစ်မှူး အဂူရို၊ အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီတို့နှင့်လည်း စပွန်ဆာ ရယူထားသည်။ မန်စီးတီး အမျိုးသမီးအသင်းမှ သုံးဦးကိုလည်း စပွန်ဆာ ပေးထားသည်။   

—Ref:Goal