ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီအားဖူးမျှော်ကြည်ညိုပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း
မချမ်းဘော၊ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့နေ့လည် ၁ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီမြတ်အားသွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး ကောင်းမှုလုံဘုန်းတော်ကြီးကျောင်း၌ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဟိုခိုဆရာတော် ဦးအာရိစရံသီထံမှ ငါးပါးသီလခံယူဆောက်တည်၍ မေတ္တာသုတ်ပရိတ်တရားတော်မြတ်အား နာယူကြည်ညိုခဲ့ကြသည်။
၎င်းနောက် ကြွရောက်လာခဲ့ကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ဦးမြင့်စိုး၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကော်မတီဝင်များ၊ ပါတီဝင်များတက်ရောက်ခဲ့ကြသည်။