ဟေတီမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေ

ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ်မြို့တွင် အစိုးရဆန့်ကျင်ဆန္ဒပြပွဲအတွင်း လုယက်နေသော ဆန္ဒပြသူများကို တွေ့ရစဉ် (Jeanty Junior Augustin/reuters)

 

 ဖေဖော်ဝါရီ ၁၀ ရက်က ဟေတီနိုင်ငံ မြို့တော် ပို့တ်အော်ပရင့်စ်တွင် ရာနှင့်ချီ သော ဆန္ဒပြသူများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး ယင်းမှာ သမ္မတ ဂျိုဗီနယ်လ်မွိုက်စ် ရာထူးမှ နုတ်ထွက်ပေးရေး တောင်းဆိုသည့် ဆန္ဒပြပွဲများ လေးရက်မြောက်နေ့ သို့ ရောက်လာခြင်းဖြစ်သည်။

‘‘ဒါက ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြတာ လေးရက်မြောက်နေ့ပါ။ သမ္မတကတော့ ဘာဆိုဘာမှ မပြောသေးဘူး။ သူ့အနေနဲ့ မတတ်နိုင်ဘူးဆိုတာ ဒါက သက်သေပြနေပါတယ်’’ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။

ဆန္ဒပြပွဲများကြောင့် ထိခိုက်ပျက်စီးမှုများနှင့် အသက်ဆုံးရှုံးမှုများရှိနေသော အကျပ်အတည်းနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရန် ဟေတီနိုင်ငံရေးသမားများကို  ပြင်သစ်၊ ဂျာမနီ၊ ဘရာဇီး၊ ကနေဒါ၊ အမေရိကန် သံအမတ်များနှင့် စပိန်၊ ဥရောပသမဂ္ဂနှင့် အမေရိကနိုင်ငံများအဖွဲ့မှ ကိုယ်စားလှယ်များက တိုက်တွန်းထားသည်။

ဖေဖော်ဝါရီ ၉ ရက်က ပို့တ်အော်ပရင့်စ်မြို့လယ်တွင် ဆန္ဒပြမှုဖြစ်ပွားရာ အသက် (၁၄)နှစ်အရွယ် ယောက်ျားလေး တစ်ဦး သေဆုံးပြီး လူငယ်တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သည်။

 အတိုက်အခံအဖွဲ့များထံမှ တိုက်တွန်းမှုအပြီး ထောင်နှင့်ချီသော ဆန္ဒပြသူများ နိုင်ငံတစ်ဝန်း ဆန္ဒပြခဲ့စဉ် ဖေဖော်ဝါရီ ၇ ရက် က အနည်းဆုံးလူနှစ်ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အကျပ်အတည်းဆိုးရွားလာခြင်း၏ သင်္ကေတအဖြစ် မတ်လ ၃ ရက်မှ ၅ ရက်အထိ ကျင်းပမည့် နှစ်စဉ် ဘာသာရေး ပွဲတော်တစ်ခုကို မြို့တော်ဝန်အမြောက်အမြား က ရွှေ့ဆိုင်းခဲ့သည်။

လွန်ခဲ့သော ၂ နှစ်အတွင်း အလွန်ဆင်းရဲခြင်းနှင့် ငွေကြေးဖောင်းပွမှု ၁၅ ရာခိုင်နှုန်း ရင်ဆိုင်နေရသော ဟေတီပြည်သူများသည် စီးပွားရေးစီမံခန့်ခွဲမှု အလွဲ အမှားများ၊ ၂၀၀၈ ကတည်းက ဗင်နီဇွဲလားနိုင်ငံထံမှ ချေးထားသော ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်နိုင်ခြေများကြောင့် ထိပ်တန်း တာဝန်ရှိသူများနှင့် ဝန်ကြီးဟောင်း တစ်ဒါဇင်ကျော် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုနေသည်ဟုဆိုသည်။

—Ref: Reuters