အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး လုံခြုံရေးစီမံမှုအတွက် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယား သို့ ရောက်ရှိ

ဟနွိုင်း ဖေဖော်ဝါရီ ၁၂

အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ကို ဗီယက်နမ်နိုင်ငံတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ကြိုတင်စီစဉ်မှုများ လုပ်ဆောင်ရန် မြောက်ကိုရီးယားသို့ သွားရောက်လျက်ရှိကြောင်း ယနေ့သတင်းများ အရ သိရသည်။

ဝါရှင်တန်-ပြုံယမ်း ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက်တို့တွင် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်း၌ ကျင်းပမည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်မင်းန်သည် မြောက်ကိုရီးယားနိုင်ငံသို့ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းတစ်ရပ်ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်အတွက် လုံခြုံရေးစီစဉ်ထားရှိမှု လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမည်ဖြစ်ကြောင်း မျှော်လင့်ရသည်။

ဗီယက်နမ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးသည် ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် အစဉ်အလာ ကောင်းများ ရှိခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးပြီး တစ်ဖက်ကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် တံခါးဖွင့်ဝါဒကို ကျင့်သုံးလျက်ရှိသည်။ လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံသည် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ခံစားနေရသည်။ ယခင်က ရန်သူ ဖြစ်ခဲ့သည့် အမေရိကန်ပြည်ထောင်စုသည် ယခုအချိန်တွင် ဗီယက်နမ် နိုင်ငံ၏ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ ဖြစ်လာပြီဖြစ်သည်။

အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်း အဝေးကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပရခြင်းမှာ မြောက်ကိုရီးယား နိုင်ငံသည်လည်း ၄င်း၏ နျူကလီးယားလက်နက်များကို အပြီးတိုင် စွန့်လွှတ်မည်ဆိုပါက ဗီယက်နမ်နိုင်ငံကဲ့သို့ စီးပွားရေးဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာရန် အတုယူစေလိုသည့်အတွက် ဖြစ်နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာ သူများက ဆိုသည်။  (ကြေးမုံ)