ဝန်ကြီးချုပ်ရာထူးအတွက် ထိုင်းဘုရင်ရဲ့အစ်မ တော်ဝင်မင်းသမီး ရွေးကောက်ပွဲဝင်မည်

(မင်းသမီးရာဂျာကန်ယာရဲ့ ကိုယ်စားလှယ်လောင်းလျှောက်လွှာကို ပြသနေစဉ်) (Photo: Reuters)

ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းရဲ့ အစ်မဖြစ်သူ တော်ဝင်မင်းသမီး ယူဘိုလ်ရာတာနာ ရာဂျာကန်ယာ (Ubolratana Rajakanya) က လာမယ့် မတ်လ ၂၄ ရက် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ယခုကဲ့သို့ တော်ဝင်မိသားစုဝင်တစ်ဦးက ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မှုဟာ ထိုင်းနိုင်ငံရေးသမိုင်းမှာ မကြုံစဖူး အလှည့်အပြောင်းတစ်ခုလည်း ဖြစ်လာပါတယ်။

အသက် ၆၇ နှစ်အရွယ် တော်ဝင်မင်းသမီး ရာဂျာကန်ယာ ရွေးကောက်ပွဲဝင်မယ့် ကြေညာချက်ကို Thai Raksa Chart ပါတီက ယနေ့ (ဖေဖေါ်ဝါရီ ၈ ရက်) ထုတ်ပြန်လိုက်ပါတယ်။ အစောပိုင်းမှာလည်း တော်ဝင်မင်းသမီးဟာ နိုင်ငံရေးနယ်ပယ်ကို အဆိုပါ ပါတီကိုယ်စားပြုပြီး ဝင်ရောက်လာမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းမှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။

Thai Raksa Chart ပါတီဟာ ပြည်ပြေးအဖြစ် နိုင်ငံရပ်ခြားမှာ နေထိုင်လျက်ရှိတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ တော်ဝင်မင်းသမီး ရာဂျာကန်ယာ ရွေးကောက်ပွဲဝင်မယ့် အဆိုပြုမှုကို လက်ရှိ ထိုင်ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လက်ခံခဲ့ကြောင်း နိုင်ငံရေးဝက်ဘ်ဆိုက် Khaosod က ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ပရာယွတ်ကလည်း ရွေးကောက်ပွဲဝင်မယ်လို့ ယနေ့ ကြေညာခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၈ ရက်ဟာ လွှတ်တော်အမတ်နေရာနဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်းစာရင်း တင်သွင်းရမယ့် နောက်ဆုံးရက်လည်း ဖြစ်ပါတယ်။

တော်ဝင်မင်းသမီး ရာဂျာကန်ယာဟာ ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် Thai Raksa Chart ပါတီရဲ့ အဓိက ကိုယ်စားလှယ်လောင်းဖြစ်ပြီး အဆိုပါ ပါတီမှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ အဓိက နိုင်ငံရေးအုပ်စု Pheu Thai မှ အဖွဲ့ဝင်ဟောင်းတွေလည်း ပါဝင်နေပါတယ်။

တော်ဝင်မင်းသမီး ရာဂျာကန်ယာဟာ ကွယ်လွန်သူ ထိုင်းဘုရင်ဘူမီဘောနဲ့ မိဖုရားသီရိခေတ်တို့ရဲ့ သားသမီးများ အနက် အကြီးဆုံးဖြစ်ပြီး ၁၉၅၁ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ရာဂျာကန်ယာ မှာ မွေးချင်းသုံးဦးရှိပြီး ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်း၊ တောင်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံနဲ့ တော်ဝင်မင်းသမီး ချူလက်ဘ်ဟွန်း တို့ ဖြစ်ကြပါတယ်။

သူမက အမေရိကန်နိုင်ငံ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပါတယ်။ ထို့နောက် လော့စ်အိန်ဂျလိစ်ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မာစတာဘွဲ့ ကို ထပ်မံ ရရှိခဲ့ပါတယ်။

၁၉၇၂ ခုနှစ်မှာတော့ မင်းသမီးရာဂျာကန်ယာက မင်းမျိုးမင်းနွယ်မဟုတ်တဲ့ အမေရိကန်လူမျိုး ပီတာလက်ဒ် ဂျန်ဆန်ကို လက်ထပ်ခဲ့တာကြောင့် သူမရဲ့ တော်ဝင်အဆောင်အယောင်တွေကို စွန့်လွှတ်ခဲ့ရပါတယ်။ ရာဂျာကန်ယာတို့ ဇနီးမောင်နှံမှာ ကလေးသုံးဦးရှိပြီး ၁၉၉၈ ခုနှစ်မှာ ကွာရှင်ပြတ်စဲခြင်းမပြုမီအထိ အမေရိကန်မှာ နေထိုင်ခဲ့ကြပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်မှာတော့ တော်ဝင်မင်းသမီး ရာဂျာကန်ယာက ထိုင်းနိုင်ငံမှာ ပြန်လည်အခြေချ နေထိုင်ခဲ့ကြောင်း သိရပါတယ်။ ယနေ့မှာ ရာဂျာကန်ယာကို ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲကော်မရှင်သို့ အမည်တင်သွင်းလိုက်ပါတယ်။

လာမယ့် ထိုင်းရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်းယင်လတ် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲလည်း ဖြစ်လာပါတယ်။ စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရတဲ့ ယင်လတ်ဟာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ညီမဖြစ်ပြီး လက်ရှိမှာ ၎င်းတို့နှစ်ဦးလုံးက ထိုင်းနိုင်ငံမှာ ဥပဒေအရ တရားစွဲဆိုမှုကို ရှောင်လွှဲနိုင်ရန် ပြည်ပြေးများ အဖြစ် နိုင်ငံရပ်ခြားမှာ နေထိုင်လျက်ရှိပါတယ်။

ထိုင်းနိုင်ငံမှာ နန်းသက် နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့တဲ့ ဘုရင်ဘူမီဘော ၂၀၁၆ ခုနှစ်မှာ နတ်ရွာစံခဲ့ပြီးနောက် သားဖြစ်သူ အသက် ၆၆ နှစ်အရွယ် မဟာဗာဂျီယာလောင်ကွန်းက ဘုရင်အဖြစ် ထီနန်းဆက်ခံခဲ့ပါတယ်။

Source: Duwun