မက်ဆီဒိုးနီးယား နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာ

နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ မက်ဆီဒိုးနီးယားတို့ ဖေဖော်ဝါရီ ၆ ရက်နေ့က သဘောတူစာချုပ်  လက်မှတ်ရေးထိုးကြ ပြီးနောက် မက်ဆီဒိုးနီးယားဟာ နိုင်ငံ ၃၀ မြောက် နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါတယ်။

ဒါဟာ အိမ်နီးချင်း ဂရိနိုင်ငံနဲ့ ၂၇ နှစ်ကြာ နာမည်အငြင်းပွားမှု အဆုံးသတ်ပြီးနောက် လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။

နေတိုးအဖွဲ့ဝင်ဖြစ်လာတဲ့ လက်မှတ်ရေးထိုးပွဲမှာ မက်ဆီဒိုးနီးယား နိုင်ငံခြားရေးဝန်ကြီး နီကိုလာ ဒီမီထရော့ဗ်က မက်ဆီဒိုးနီးယားဟာ ကမ္ဘာ့အဆင့်အနေနဲ့ နေတိုးအဖွဲ့မှာ ပူးပေါင်းဆောင်ရွက် ရုံတင်မဟုတ်ဘဲ ဘောလ်ကန်ဒေသ တည်ငြိမ်ရေးနဲ့ တိုးတက်ရေးအတွက် သူ့ရဲ့ ဒေသတွင်း သြဇာလွှမ်းမှုကို အသုံးပြုမယ်လို့ ပြောပါတယ်။

နေတိုးအဖွဲ့ဟာ ဘောလ်ကန်ဒေသ နိုင်ငံတွေကို အဖွဲ့ဝင်အဖြစ် လက်ခံလိုက်တာဟာ ဒေသလုံခြုံရေးကို ထိခိုက်စေတယ်လို့ ရုရှားက ပြောပါတယ်။

ဒါ့အပြင် ယူကရိန်း၊ ဂျော်ဂျီယာနိုင်ငံတွေနဲ့ နေတိုးအဖွဲ့ ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်တာကို ဆန့်ကျင်ကြောင်း ရုရှားက သတိပေးထားပါတယ်။

ယူကရိန်းနဲ့ ဂျော်ဂျီယာနိုင်ငံတို့ဟာ မြောက်အတ္တလန္တိတ် နိုင်ငံများအဖွဲ့လို့ခေါ်တဲ့ နေတိုးအဖွဲ့ကို ဝင်ရောက်လိုတာ ဖြစ်ပါတယ်။

by DVB