ဂျပန်၌ အကျဉ်းသား ၃၀၀ ကျော် တုပ်ကွေးကူးစက်ခံနေရ

ဂျပန်နိုင်ငံတစ်ဝန်းလုံးတွင် တုပ်ကွေးရောဂါပျံ့နှံ့လျက်ရှိရာ နိုင်ငံ အလယ်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသား ၃၀၀ နှင့် အရာရှိများကို တုပ်ကွေးရောဂါကူးစက်နေကြောင်း သိရသည်။

အိုက်ချီစီရင်စုရှိ နာဂိုရာအကျဉ်းထောင်တွင် ဒီဇင်ဘာ ၂၀ ရက်ကတည်းက ၂၀၅ ဦးခန့် ကူးစက်ခံနေရကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် အဆိုပါအကျဉ်းထောင်က ပြောကြားသည်။

အကျဉ်းသား ၁၂ ရာခိုင်နှုန်းခန့် တုပ်ကွေးရောဂါကူးစက် ခံနေရခြင်းဖြစ်ရာ ငါးနှစ်အတွင်း အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့မှုဖြစ် ကြောင်း သိရသည်။

ထို့အတူ အရာရှိ ၉၅ ဦးခန့်လည်း ရောဂါကူးစက်ခံနေရ ကြောင်း အဆိုပါအကျဉ်းထောင်က ဆက်လက် ပြောကြားသည်။ အကျဉ်းသားတစ်ဦးချင်းစီ၏ ကိုယ်အပူချိန်ကို ဇန်န၀ါရီ ၂၆ ရက်ကတည်းက စတင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

တုပ်ကွေးရောဂါကူးစက်ခံရသော အခြေအနေသည် ဇန်န၀ါရီ ၂၄ ရက်က အမြင့်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်း ရက်များတွင် ပြန်ကျလာကြောင်း သိရသည်။ ထိုအချိန်ကတည်းက အကျဉ်းသား ၁၀၀ ခန့် တုပ်ကွေးရောဂါ ကူးစက်ခံခဲ့ရသော်လည်း ပြင်းထန်မှုမရှိကြောင်း သိရသည်။

တုပ်ကွေးရောဂါကူးစက်ပြန့်ပွားမှုကို အဆုံးသတ်ရန် ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် အကောင်းဆုံး ကြိုးစားနေကြောင်း နာဂိုရာအကျဉ်းထောင်က ပြောကြားခဲ့သည်။

အိုက်ချီစီရင်စုတွင် တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ထားပြီး ပြည်သူများကို တုပ်ကွေးရောဂါကူးစက်ခံရမှု မရှိအောင် ကြိုတင်ကာကွယ်ထားကြရန်လည်း တိုက်တွန်းထား ကြောင်း သိရသည်။

 

(ကြေးမုံ)