တောဝက်များ မဝင်ရောက်နိုင်ရန် ဒိန်းမတ်အစိုးရက နယ်စပ်ခြံစည်းရိုး စတင်တည်ဆောက်

တောဝက်များ သွားလာလှုပ်ရှားမှု ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်မှုအဖြစ် ဒိန်းမတ်အစိုးရသည် ဂျာမနီနိုင်ငံနှင့် နယ်စပ်တွင် ၄၃ မိုင် ရှည်လျား သည့် ခြံစည်းရိုးတစ်ခု စတင်ဆောက်လုပ်နေသည်။

ဘယ်လ်ဂျီယံနိုင်ငံတွင် တောဝက်နှစ်ကောင် သေဆုံးစေ ခဲ့သည့် အာဖရိကဝက်တုပ်ကွေး ရောဂါသည် ဒိန်းမတ်၏ ကြီးမား သော ဝက်လုပ်ငန်းကို ခြိမ်းခြောက်နိုင်သဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေ သည်။

ယင်းရောဂါပျံ့နှံ့ပါက ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံခန့် တန်ဖိုးရှိသည့် ဒိန်းမတ်၏ ဝက် သားထုတ်ကုန်တင်ပို့မှု လုပ်ငန်း အန္တရာယ်ဖြစ်စေနိုင်သည်။

သို့သော် ကန်ဒေါ်လာ ၁၂ သန်း အကုန်အကျခံတည် ဆောက်မည့် နယ်စပ်ခြံစည်းရိုးက မည်မျှ အကျိုးထူးစေမည်လဲဟု အတိုက်အခံအချို့က မေးခွန်းထုတ်သည်။

အာဖရိက ဝက်တုပ်ကွေးသည် လူကို အန္တရာယ်မဖြစ်စေသော်လည်း တောဝက်များနှင့် အိမ်မွေးဝက်များသို့ ကူးစက်နိုင်သည်။ ကူးစက်ခံရသော ဝက်များသည် ရက်ပိုင်းအတွင်း သေဆုံးလေ့ရှိကာ ကုသဆေးနှင့် ကာကွယ်ဆေး မရှိသေးပေ။

တစ်နှစ်လျှင် ဝက်အကောင် ရေ ၂၈ သန်း ထုတ်လုပ်ပေးနေ သော ဒိန်းမတ်ဝက်လုပ်ငန်းသည် ကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိသည်။

အကယ်၍ ယင်းရောဂါဖြစ် ပွားပါက ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသို့ ဝက်ထုတ်ကုန် တင်ပို့မှုများ ပိတ်သိမ်းရမည်ဟု ဒိန်းမတ်အစိုးရက ပြောသည်။

‘‘ဒိန်းမတ်ဆီ ဒီရောဂါရောက်မလာအောင် ကာကွယ်ဖို့ အရာရာဆောင်ရွက်ဖို့ အစိုးရအနေနဲ့ စိတ်ပိုင်းဖြတ်ထားပါတယ်။ အခု တော့ တောဝက်တွေ ဝင်မလာနိုင်အောင် နယ်စပ်ခြံစည်းရိုး စိုက်ထူနေပါပြီ’’ဟု ဒိန်းမတ် သဘာဝပတ်ဝန်းကျင်နှင့် အစားအစာဝန်ကြီး ဂျာကော့ဘ်အယ်လီမန်းဂျန်ဆန်က ပြောကြားပြီး ယင်းခြံစည်း ရိုးတည်ဆောက်မှုသည် ယခုနှစ် ကုန်ခါနီး ပြီးစီးမည်ဟု ဆိုသည်။

ယင်းမှာ လက်တွေ့ကျသော ဖြေရှင်းချက်မဟုတ်ကြောင်း ဝေဖန်သူများက ပြောကြားပြီး အခြားတိရစ္ဆာန်များ အပေါ် ဆိုးကျိုးဖြစ် စေမှုနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ လည်း ပေါ်ထွက်နေသည်။

—Ref: BBC