ဧရာဝတီယူနိုက်တက်းနည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်

မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းဟာ အသင်းနည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့ပြီလို့ အသင်းဖေ့စ် ဘုတ်စာမျက်နှာမှာ တရားဝင် ကြေညာခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ပြန်လည်ရရှိနိုင်ဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ဧရာဝတီ ယူနိုက်တက်အသင်းဟာ နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

ရာသီအစပွဲစဉ်သုံးပွဲမှာ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးအောင်ခိုင်ကို လက်ထောက်နည်းပြအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့ပြီး ဦးမျိုးလှိုင်ဝင်းကို နည်းပြချုပ်အဖြစ် ဆောင်ရွက်စေမှာဖြစ်တယ်လို့ အသင်းပိုင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ကြေညာခဲ့တာပါ။ ဧရာဝတီယူနိုက်တက်အသင်းဟာ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ရာသီအစ အဖွင့်သုံးပွဲမှာ ရတနာပုံနဲ့ တစ်ဂိုးစီသရေ၊ ချင်းလန်းအက်ဖ်စီနဲ့ တစ်ဂိုးစီသရေကျထားပြီး မကွေးကို ၂-၀ဂိုးနဲ့ အနိုင်ရထားပါတယ်။

ဦးမျိုးလှိုင်ဝင်းဟာ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်၊ နေပြည်တော်အစရှိတဲ့ အသင်းတွေကို နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပြီး နေပြည်တော် အသင်းကို AFC Cup ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့လက်ရွေးစင်လူငယ်အသင်းတွေဖြစ်တဲ့ ယူ-၁၉၊ယူ-၁၈အသင်းတွေကိုလည်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်းဟာ ကစားသမားဘဝမှာလည်း သွင်းဂိုးမြောက်များစွာသွင်းယူထားနိုင်သူဖြစ်ပြီး စင်ကာပူ၊ ထိုင်း၊ တရုတ်အစရှိတဲ့ နိုင်ငံတွေမှာလည်း ဆုကြေးစားအဖြစ် သွားရောက်ကစားဖူးသူပါ။

ဧရာဝတီယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမစင်ခင်မှာ လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ စိုးမိုးကျော်၊ လွင်မိုးအောင်တို့အပြင် လက်ရွေးစင်ဟောင်းတွေဖြစ်တဲ့ ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင် အစရှိတဲ့ ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားပါတယ်။ ပြည်ပကစားသမားတွေအဖြစ် ကင်မရွန်းနောက်ခံလူ အီဖာ၊ နိုက်ဂျီးရီးယားတိုက်စစ်မှူး ဆက်ဆက်စ်နဲ့ လိုက်ဘေးရီးယား တိုက်စစ်မှူး ကိသ်မာတူနက်ရှ်တို့ကိုလည်း ခေါ်ယူထားပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃)အပြီးမှာ ဧရာဝတီယူနိုက်တက်အသင်းဟာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ရမှတ် ငါးမှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅နေရာမှာရပ်တည်နေပါတယ်။   

Source: Duwun