မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကြွေးကြော်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး သမိုင်းဝင်ရန်သူနှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင် ခြင်းဖြင့် မြောက်ကိုရီးယားနှင့် အပြန်အလှန် မယုံသင်္ကာဖြစ်နေမှု ချိုးဖျက်မည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဇန်နဝါရီ ၂၈ ရက်တွင် ကြွေးကြော်သည်။

 ထို့အပြင် အာဘေးက တရုတ်-ဂျပန် ဆက်ဆံရေးကို အဆင့်သစ်သို့ရောက်အောင် ဆောင်ရွက်မည်ဟု ကြွေးကြော်ပြီး ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေး ဂျပန်တွင် ယိုယွင်းလာသော အခြေခံအဆောက်အအုံများ တိုးတက်စေရေး စံချိန်တင်ဘတ်ဂျက် အသုံးပြုမည်ဟု ကတိပြုသည်။

‘‘အပြန်အလှန် မယုံသင်္ကာဖြစ်နေတဲ့ အခွံကို ချိုးဖျက်ဖို့ အခွင့်အရေးတိုင်းကို အသုံးချပြီး အခိုင်အမာ ဆောင်ရွက်မှာပါ။ မြောက်ကိုရီးယားရဲ့ နျူနဲ့ ဒုံးကျည်ကိစ္စတွေအပြင် အဓမ္မခေါ်ဆောင်မှု ကိစ္စတွေ ဖြေရှင်းဖို့ ကျွန်တော် ကိုယ်တိုင် ကင်ဂျုံအန်နဲ့ တိုက် ရိုက်တွေ့မှာပါ’’ဟု အာဘေးက ပြောသည်။

လာမည့်လကုန်တွင် ဖြစ်ရန်များသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲ အကြိုပြင်ဆင် ရန် ကင်ဂျုံအန်က ညွှန်ကြားခဲ့ပြီး နောက် အာဘေး၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

‘‘ကံမကောင်းခဲ့တဲ့ အတိတ်ကို ဖြေရှင်းခြင်းဖြင့် သံတမန် ဆက်ဆံရေး ပုံမှန်ဖြစ်အောင်လုပ်ဖို့ ကျွန်တော် ရည်ရွယ်ထားပါတယ်’’ဟု ဒုတိယကမ္ဘာစစ်အတွင်းနှင့် ကိုရီးယားကျွန်းဆွယ်ကို ဂျပန်က ရက်စက်စွာ ကိုလိုနီပြုခြင်းကြောင့် ဖြစ်ခဲ့သော အဖြစ်အပျက်များကို ရည်ညွှန်းကာ အာဘေးက ပြောသည်။

 တရုတ်နှင့် ပတ်သက်၍ အာဘေးက ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့ မိမိအလည်အပတ်သွားပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေး ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်ရောက်လာကြောင်း ပြောသည်။

တရုတ်သမ္မတ စီကျင်းပင် သည် ယခုနှစ်အတွင်း ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် လာရောက် လည်ပတ်မည်ဟု မျှော်လင့်ရသည်။

 

—Ref: AFP