နာဒယ်ကို အနိုင်ယူပြီး ဂျိုကိုဗစ် သြစတြေးလျအိုးပင်းချန်ပီယံဆုကို စံချိန်တင်(၇)ကြိမ်ဆွတ်ခူး
ကမ္ဘာ့နံပါတ် (၁) တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်သည် သြစတြေးလျအိုးပင်း ဂရင်းဆလမ်ဗိုလ်လုပွဲတွင် နံပါတ် (၂) ရာဖေးလ်နာဒယ်ကို အနိုင်ယူပြီး သမိုင်းသစ်ရေးထိုးခဲ့သည်။
ဂျိုကိုဗစ်သည် ပြီးပြည့်စုံသော ကစားပုံနှင့်အတူ နာဒယ် ကို ၆-၃၊ ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပြီး သြစတြေးလျ အိုးပင်းကို စံချိန်တင် (၇)ကြိမ် ဗိုလ်စွဲခဲ့သည်။
ယခုနိုင်ပွဲမတိုင်မီ ဂျိုကိုဗစ်သည် ဖလားခြောက်လုံးရရှိထားသော ရော်ဂျာဖက်ဒဲရာ၊ ရွိုင်အီမာဆင်တို့နှင့် စံချိန်တူနေခဲ့သည်။
ဂျိုကိုဗစ် (၃၁)နှစ်သည် စုစုပေါင်း ဂရင်းဆလမ်ဖလား ၁၅ ကြိမ်ရရှိထားပြီး ဖက်ဒဲရာ (အကြိမ် ၂၀)နှင့် နာဒယ် (၁၇ကြိမ်) တို့၏နောက်တွင် တတိယနေရာရရှိထားသည်။ သမိုင်းတစ်လျှောက် ဂရင်းဆလမ်ဖလား အများဆုံး ရရှိထားသူများစာရင်းတွင် အမေရိကန်မှ ဆင်းပရပ်စ်က (၁၄)ကြိမ်ဖြင့် စတုတ္ထနေရာ၌ ရှိနေသည်။
ဂျိုကိုဗစ်သည် ယမန်နှစ်က သြစတြေးလျအိုးပင်းတွင် စတုတ္ထအဆင့်မှ ထွက်ခဲ့ရပြီးနောက် ညာဘက် တံတောင်ဆစ် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။
ထို့ကြောင့် ယင်းဆားဘီးယားတင်းနစ်သမား၏ အကောင်းဆုံးနေ့ရက်များ နောက်တွင် ကျန်ရစ်ခဲ့ပြီဟု ထင်မှတ်ခဲ့ သော်လည်း ဝင်ဘယ်ဒန်နှင့် ယူအက်စ်အိုးပင်း၌ ပြန်လည်ဗိုလ်စွဲခဲ့သည်။
စပိန်တင်းနစ်သမား နာဒယ် (၃၂ နှစ်)သည် ၂၀၀၉ က ဖလားရရှိပြီးနောက် သြစတြေးလျအိုးပင်းတွင် ဒုတိယအကြိမ် ဗိုလ်စွဲရန် ကြိုးစားခဲ့သော်လည်း ဂျိုကိုဗစ်ကို အဘက်ဘက်က မယှဉ်နိုင်ခဲ့ဘဲ သုံးပွဲပြတ် ရှုံးနိမ့်ခဲ့သည်။
—Ref: AP