ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နယ်လှည့်ဆေးဝါးကုသပေးနေ

 

စစ်တွေ၊ ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နယ်လှည့်ဆေးဝါးကုသပေးလျက်ရှိနေကြောင်း သိရသည်။

ယမန်နေ့က ကျောက်ဖြူမြို့နယ်၊ လိပ်​ခ​မော်​အုပ်​စု၊​ ဂေါ်တူ​ကျေးရွာတွင်​ ကျောက်ဖြူမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီမှ နယ်​လှည့်​​ဆေးကုသပေးခဲ့ရာ ကျေးရွာဒေသခံ ၅၀ ကျော်လာရောက် ဆေးဝါးကုသမှု ခံယူခဲ့ကြကြောင်း သိရသည်။

“မနေ့ကတော့ ဂေါ်တူကျေးရွာမှာပေါ့ စတင်ပြီးတော့ ဆေးဝါးကုသမှုလုပ်ခဲ့တာပါ။ ထပ်ပြီးတော့မှ ဆေးဝါးကုသဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။ အဓိကတော့ ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ကျွန်တော်တို့ပါတီအနေနဲ့ တတ်နိုင်တဲ့ဘက်က စောင့်ရှောက်မှုပေးတဲ့သဘောပါ။ ဆရာဝန်ကလည်း ကျွန်တော်တို့ပါတီထဲက ဆရာဝန်ဆိုတော့ အဲဒီဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှ ဆက်လက်ဆေးကုသဖို့ စီစဉ်နေပါတယ်”ဟု ကျောက်ဖြူခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမြလင်းက ပြောသည်။

အဆိုပါ ဆေးကုသရာသို့ ကျောက်ဖြူခရိုင်​ပါတီဥက္ကဋ္ဌ ဦးမြလင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်​​ကော်​မတီများ၊ ကျေးရွာစည်းရုံးရေးမှူးများက ပါဝင်ကူညီပေးခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီဝင် ဒေါက်တာထင်လင်းဦးက ဦးဆောင်ဆေးဝါးကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။