ဟီဂွာအင်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ချဲလ်ဆီး ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂွာအင်ကို ရာသီဝက်အငှားစာချုပ်နဲ့တရားဝင်ခေါ်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကအေစီမီလန်ကို အငှားစာချုပ်နဲ့သွားကစားတဲ့ ဟီဂွာအင်ဟာ အရင်တစ်ပတ်လောက်ကတည်းက ချဲလ်ဆီးကို ပြောင်းကစားမယ်လို့ သတင်းထွက်ခဲ့သူပါ။

ဗုဒ္ဓဟူးနေ့ကတော့ သူ့ရဲ့အပြောင်းအရွှေ့ကို ချဲလ်ဆီးအသင်းက တရားဝင်အတည်ပြုနိုင်ခဲ့ပါတယ်. ဟီဂွာအင်ဟာ ချဲလ်ဆီးမှာ ကျောနံပါတ်(၉)ကို ၀တ်ဆင်ကစားမှာပါ။ ချဲလ်ဆီးနဲ့ စာချုပ် ချုပ်ဆိုအပြီးမှာ ဟီဂွာအင်က” ချဲလ်ဆီးကို ပြောင်းရမယ့် အခွင့်အရေးတစ်ရပ်ပေါ်လာတော့ ဒီအခွင့်အရေးကို မဖြစ်မနေယူရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအသင်းမျိုးမှာ ကျွန်တော်အမြဲတမ်း ကစားချင်ခဲ့တာပါ။ သမိုင်းကောင်းတွေရှိသလို အကောင်းစားဘောလုံး ကွင်းကြီးကိုလည်း ပိုင်ဆိုင်ထားပါတယ်. ဒါ့အပြင် ပရီးမီးယားလိဂ်က ကျွန်တော် အမြဲတမ်း ကစားချင်ခဲ့တဲ့ လိဂ်တစ်ခုပါ”လို့ ပြောပါတယ်။

ဟီဂွာအင်ဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှ စာချုပ်ချုပ်ခဲ့တဲ့အတွက် စပါးနဲ့ လိဂ်ဖလားပွဲကိုတော့ ပါဝင်ကစားခွင့် မရပါဘူး။ ဟီဂွာအင်ဟာ နည်းပြ ဆာရီရဲ့ လက်အောက်၊ နာပိုလီအသင်းမှာ ကစားခဲ့တုန်းကတော့ တစ်ရာသီ အတွင်း စုစုပေါင်း (၃၈)ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ အေစီမီလန်မှာကစားခဲ့တဲ့ ပထမရာသီဝက် အတွင်းမှာတော့ ပထမဆုံး(၇)ပွဲမှာ (၆)ဂိုးအထိ သွင်းနိုင်ခဲ့ပေမယ့် နောက်ဆုံး(၁၂)ပွဲမှာတော့ တစ်ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးနည်းပြ ဆာရီကတော့ ဟီဂွာအင်ရဲ့အကောင်းဆုံးသွင်းဂိုးတွေကို ပြန်မြင်ရဖို့ ယုံကြည်မှု အပြည့်ရှိတယ်လို့ ပြောထားပါတယ်။ တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာ ကလည်း အက်သလက်တီကို ကို အငှားစာချုပ်နဲ့ ပြောင်းဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

Photos; Dailymail.co.uk