တိုက်စစ်မှူးဘိုတန်းကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ဘာစီလိုနာ အံ့အားသင့်ဖွယ်ခေါ်ယူ

ဘာစီလိုနာအသင်းဟာ စပါးနဲ့ ပို့စ်မောက်တိုက်စစ်မှူးဟောင်း ဘိုတန်းကို ဆာဆူအိုလိုကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ အံ့အားသင့်ဖွယ်ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်ခန့်က ဆီဗီလာကို ပြောင်းရွှေ့သွားခဲ့တဲ့ မူနီယာနေရာမှာ အစားထိုးဖို့ ဘိုတန်းကို ဘာစီလိုနာအသင်း ခေါ်ယူခဲ့တာပါ။ အသက်(၃၁)နှစ်အရွယ် ကစားသမားဟာ တနင်္လာနေ့ နံနက်ပိုင်းက ဆာဆူအိုလိုအသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီးနောက် ဘာစီလိုနာကို ရောက်ရှိလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ထုတ်ပြန်ရာမှာ “၂၀၁၈-၁၉ ရာသီလက်ကျန်အတွက် ဘိုတန်းကို အငှားနဲ့ခေါ်ယူဖို့ ဆာဆူအိုလိုအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒီသဘောတူညီမှုမှာ ယူရို(၈)သန်းနဲ့ ခေါ်ယူနိုင်မယ့် အချက်လည်း ပါဝင်ပါတယ်”လို့ ပါရှိပါတယ်။ ဘာစီလိုနာဟာ ဘိုတန်းကို အငှားနဲ့ခေါ်ယူဖို့အတွက် ယူရို(၂)သန်း ပေးချေခဲ့ရပြီး ဗုဒ္ဓဟူးနေ့မှာ ပရိသတ်တွေနဲ့ မိတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

-Ref: Skysports