ကမ္ဘာ့အချမ်းသာဆုံး ၂၆ ဦး၏ ချမ်းသာမှုက အဆင်းရဲဆုံး ထက်ဝက် ပိုင်ဆိုင်မှုနှင့်ညီမျှ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၂၆ ဦး၏ ချမ်းသာကြွယ်ဝမှုသည် ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေ ထက်ဝက်ပိုင်ဆိုင်မှုနှင့် ညီမျှကြောင်း Oxfam အဖွဲ့က ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားပြီး မြင့်တက်လာသော မညီမျှမှုကို တိုက်ဖျက်ရေး ချမ်းသာသူများအပေါ် အခွန်တိုးကောက်ရန် အစိုးရ များအား တိုက်တွန်းပြောကြားသည်။

ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ ဘီလျံနာများ၏ စုပေါင်းပိုင်ဆိုင်မှုသည် ၂၀၁၈ က တစ်နေ့လျှင် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တိုးပွားခဲ့သည်ဟု Oxfam အဖွဲ့ အစီရင်ခံစာက ဖော်ပြသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သော အမေဇုန်အမှုဆောင် အရာရှိချုပ် ဂျက်ဖ်ဘီဇော့သည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၁၁၂ ဘီလီယံ တိုးပွားခဲ့ပြီး ၎င်း၏ ချမ်းသာကြွယ်ဝမှု ၁ ရာခိုင်နှုန်းက လူဦးရေ ၁၀၅ သန်းရှိသော အီသီယိုးပီးယား တစ်နိုင်ငံလုံး၏ ကျန်းမာရေးဘတ်ဂျက်နှင့် ညီမျှကြောင်း Oxfam က ထောက်ပြသည်။

ပြီးခဲ့သည့်နှစ်တွင် အောက်ခြေလူတန်းစား ၃ ဒသမ ၈ ဘီလီယံသည် ၎င်းတို့၏ ပိုင်ဆိုင်မှု ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Oxfam က ပြောကြားပြီး ချမ်းသာသူနှင့် ဆင်းရဲသူကြား ကွာဟချက် ကြီးထွားလာခြင်းက ဆင်းရဲမွဲတေမှု တိုက်ဖျက်ရန် ချည့်နဲ့စေပြီး စီးပွားရေးများ ပျက်စီးစေကာ လူထုဒေါသထွက်မှု ဖြစ်စေသည်ဟု အလေးထားပြောကြားခဲ့သည်။

‘‘ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူတွေက ဒေါသထွက်နေပြီး စိတ်ပျက်နေပါတယ်’’ဟု Oxfam အမှုဆောင်ညွှန်ကြားရေးမှူး ဝင်နီဗြန် ယီမာက ထုတ်ပြန်ချက်တွင် ပြော သည်။

မညီမျှမှု မြင့်တက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံအမြောက်အမြားတွင် လူထုစိတ်ပျက်မှု ကြီးထွားလာပြီး ချမ်းသာ ကြွယ်ဝသူများအပေါ် အခွန်တိုးကောက်ရေး တောင်းဆိုမှုများ တိုးပွားလာသည်။                

—Ref: AFP