ရော်နယ်ဒိုနဲ့အတူတူ အောင်ပွဲခံခဲ့တဲ့ လက်ဝှေ့ကျော် မေ၀ယ်လ်သာ

အမေရိကန်လက်ဝှေ့ကျော်အားကစားသမား ဖလွိုက်မေ၀ယ်သာဟာ အီတလီစူပါဖလား ရရှိခဲ့တဲ့ ဂျူဗင်တပ်စ် အသင်းသားတွေနဲ့ အတူတကွ အောင်ပွဲခံသွားခဲ့တယ်လို့ စပိန်နာမည်ကျော် သတင်းစာ AS က ဖော်ပြသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ အ၀တ်လဲခန်းအတွင်းမှာ မေ၀ယ်လ်သာက ဂျူဗီကစားသမားအများအပြားနဲ့အတူတူ ဓာတ်ပုံတွဲရိုက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ (၆၁)မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အီတလီစူပါဖလားကို ဂျူဗင်တပ်စ်က ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံက King Abdullah Sports City Stadium မှာ ကျင်းပခဲ့တဲ့ ပွဲကို မေ၀ယ်လ်သာက သွားရောက်ကြည့်ရှုအားပေးခဲ့တာဖ်ြစြ်ပီး ပွဲအပြီးမှာ အတူတကွ ၀င်ရောက်အောင်ပွဲခံ သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကလည်း မေ၀ယ်လ်သာ နဲ့ အသင်းသားတွေ တွဲဖက်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့ တွစ်တာအကောင့်ကနေ ဖော်ပြသွားခဲ့ပါတယ်။ မေ၀ယ်လ်သာဟာ ရော်နယ်ဒို၊ ချီလီနီ၊ ပီယာနစ်တို့လို နာမည်ကျော်ကစားသမားတွေနဲ့ တွဲဖက်ပြီး အောင်ပွဲခံခဲ့တာ ဖြစ်လို့ နာမည်ကျော်တွေရဲ့ အတူတကွ အောင်ပွဲခံမှုကို ပရိသတ်တွေ မြင်တွေ့သွားခဲ့ရပါတယ်။

လက်ဝှေ့လောကရဲ့ ပြိုင်ဘက်မရှိချန်ပီယံကြီးဟာ လက်ရှိမှာတော့ ထိုးသတ်ဖို့ ပွဲစဉ်မရှိဘူးလို့ သိရပါတယ်။ ဂျပန်လက်ဝှေ့သမား နာဆူကာဝါနဲ့ ထိုးသတ်ခဲ့တဲ့ သရုပ်ပြပွဲမှာ (၂)မိနစ်အတွင်းမှာပဲ အလဲထိုးနိုင်ခဲ့ပြီးနောက် မေ၀ယ်လ်သာက ထိုးသတ်ဖို့ ပြိုင်ဘက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအို၊ မက္ကဆီကို လက်ဝှေ့ကျော် ကာနီလိုအယ်လ်ဗာရက်ဇ်၊ အာဂျင်တီးနားလက်ဝှေ့သမား မားကို့စ်မိုင်ဒါနာတို့ထဲက တစ်ဦးဦးနဲ့ ထိုးသတ်ဖြစ်ဖွယ် ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း ဒီပွဲတွေကို ထိုးသတ်တဲ့အခါမှာ မေ၀ယ်လ်သာအနေနဲ့ ငွေကြေးရယူလိုမှု တစ်ခုတည်းနဲ့ ထိုးသတ်ဖို့သာ ရှိတယ်လို့လည်း ဝေဖန်မှုတွေက များပြားနေခဲ့ပါတယ်။

Source: Duwun