ဘရစ်ဇစ်သဘောတူမူကြမ်းကို ဗြိတိန်ပါလီမန် ပယ်ချ

ဝန်ကြီးချုပ် ထရီဆာမေ ရဲ့ အီးယူကနေ ဗြိတိန်နုတ်ထွက်တဲ့ ဘရစ်ဇ် သဘောတူမူကြမ်းကို ပါလီမန်က အင်္ဂါနေ့မှာ အပြတ်အသတ် ပယ်ချလိုက်ပါတယ်။

ဘရစ်ဇစ်သဘောတူမူကြမ်းကို ပယ်ချလိုက်တဲ့အပြင် ထရီဆာမေအစိုးရကို အယုံအကြည့်မရှိ အဆိုတင်ဖို့လည်း လုပ်ဆောင်လာကြတာကြောင့် အီးယူကနေ ဗြိတိန်နုတ်ထွက်မယ့် အစီအစဉ်တွေ ကမောက်ကမ ဖြစ်ရပါတယ်။

ပါလီမန် ပြင်ဖက်မှာလည်း အီးယူကနေ မနုတ်ထွက်ရေးကို လိုလားထောက်ခံတဲ့ ပြည်သူရာပေါင်းများစွာဟာလည်း အီးယူအလံတွေ ကိုင်ဆောင်ရင်းဆန္ဒဖော်ထုတ်ကြပါတယ်။

ထရီဆာမေ ရဲ့ ဥရောပသမဂ္ဂ အီးယူမှ ဗြိတိန်နုတ်ထွက်ရေး အစီအစဉ်မူကြမ်းကို လွှတ်တော်မှာ ၄၃၂ မဲက ကန့်ကွက်မဲ ပေးပြီး ၂၀၂ မဲကပဲ ထောက်ခံမဲ ပေးတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကန့်ကွက်မဲရဲ့ မဲအသာ ၂၃၀ အထိ ရှိတာကြောင့် ခေတ်သစ်ဗြိတိန်နိုင်ငံရေးသမိုင်းမှာ အစိုးရအတွက် လွှတ်တော်ရဲ့ အကြီးမာဆုံးသော ကန့်ကွက်မှုဖြစ်ခဲ့ပါတယ်။

ဘရစ်ဇ်အရေး သဘောတူညီမှုမရရင် ကုန်သွယ်ရေးအငြင်းပွားမှုတွေ၊ ဗြိတိန်စီးပွားရေး ကျဆင်းလာတာနဲ့ ဘဏ္ဍာရေးဈေးကွက် ကသောင်းကန်းဖြစ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အီးယူက ချက်ချင်း သတိပေးချက် ထုတ်ပြန်ပါတယ်။

“သဘောတူညီမှု မရဘူးဆိုရင် အပြုသဘောဆောင်တဲ့ ဖြေရှင်းနည်းက ဘာလဲဆိုတာကို ပြောရဲမယ့်သူ ဘယ်သူရှိလဲ။” လို့ အီးယူဥက္ကဌ ဒေါ်နယ်တက်ခ်က တွစ်တာကနေ ရေးသားခဲ့ပါတယ်။

လက်ရှိမှာတော့ ဘရစ်ဇ်မူကြမ်းကို လွှတ်တော်ကနေ ပယ်ချသလို အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျာရီမီကော်ဘင်းက ထရီဆာမေ အစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းထားပါတယ်။

ဒီအဆိုကိုတော့ ဗုဒ္ဒဟူးနေ့ ဂရင်းနစ်စံတော်ချိန် ၁၉း၀၀ နာရီမှာ မဲပေးကြမှာ ဖြစ်ပါတယ်။

(Mizzima)