ရိုက်တာသတင်းထောက်နှစ်ဦးအမှု ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဖြေရှင်းပေးရန် ဥရောပသမဂ္ဂနှင့် ဗြိတိန်တောင်းဆို

နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံထားရသည့် ရိုက်တာသတင်းထောက် နှစ်ဦး၏ အယူခံကို ရန်ကုန်တိုင်းတရားလွှတ်တော်က ပယ်ချခဲ့သည့်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဖြေရှင်းပေးရန် ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံက တောင်းဆိုသည်။

ရိုက်တာ သတင်းထောက်နှစ်ဦးအတွက် အယူခံတင်ထားမှုကို ဇန်န၀ါရီ ၁၁ ရက်​က ရန်ကုန်တိုင်း တရား လွှတ်တော်ရုံးတွင် အမိန့်ချမှတ်ရာ ရန်ကုန်တိုင်းတရားလွှတ်တော် တရားသူကြီး ဦးအောင်နိုင်က ပ,လပ်ကြောင်း အမိန့် ချမှတ်ခဲ့ခြင်းကိစ္စနှင့်ပတ်သက်ပြီး ဗြိတိန်နှင့် ဥရောပသမဂ္ဂက ယင်းသို့ တောင်းဆိုခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအခြေ  စိုက်နယ်သာလန် သံရုံးကရန်ကုန်တိုင်းတရားလွှတ်တော်က ရိုက် တာသတင်းထောက်နှစ်ဦး၏ အယူခံပယ်ချခြင်းကြောင့်  မိမိတို့များစွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် အဆိုပါ ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်အပေါ်လေးနက်  သောသံသယများဖြစ်ပေါ်လာစေကြောင်း ယမန်နေ့ကထုတ်ပြန်သည်။

ရိုက်တာသတင်းထောက် နှစ်ဦးအယူခံကို ပယ်ချသည့်ဆုံး ဖြတ်ချက်သည် အမှားကိုအမှန် ဖြစ်အောင်ပြင်ရန် လွဲချော်သွားသည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်နေ သူများသာ ထောင်ထဲ၌ ရှိနေသင့်ပြီး အဆိုပါသတင်း ထောက်များအကျဉ်းကျခံမနေရ သင့်ကြောင်း နယ်သာလန်သံရုံး ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယမန်နေ့ရုံးချိန်းတွင် ရိုက်တာ သတင်းထောက် နှစ်ဦး၏ လက်ကိုင်ဖုန်းထဲရှိ လုံခြုံရေးအဆင့် သတ်မှတ်ထားသော စာရွက်စာတမ်းများကို ဒုရဲအုပ်တစ်ဦးထံမှရရှိသည် ဆိုသော်လည်း ဒုရဲအုပ်က စာရွက် စာတမ်းများပေးခြင်းမရှိ ကြောင်းငြင်းဆိုပြီး သတင်းထောက်နှစ်ဦးဘက်မှ လည်းပေးသည်ဆိုသည့် အထောက် အထား ပြနိုင်ခြင်းမရှိခဲ့ ကြောင်း တရားသူကြီးဦးအောင်နိုင်က တရားခွင်တွင်ပြောသည်။

ထို့အပြင် သတင်းထောက်နှစ်ဦးကို ထောင်ဒဏ်ခုနစ်နှစ်ချမှတ်ရာတွင် မြောက်ပိုင်းခရိုင်တရားရုံးက မှားယွင်းချ မှတ်ခဲ့သည်ဆိုသည်ကို ဥပဒေကြောင်းအရ ထောက်ပြနိုင်ခြင်း မရှိသောကြောင့် ရန်ကုန်တိုင်း တရားလွှတ်တော်က အယူခံကို ပ,လပ်ကြောင်း တရားသူကြီးက အမိန့်ချမှတ်ခြင်းဖြစ်သည်။ ‘‘ဒီလိုကိစ္စက အင်မတန်စိတ် ညစ်စရာ ကောင်းပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ သတင်းထောက်တွေရဲ့ အခြေအနေကို မီးမောင်းထိုးပြ လိုက်တာပဲ။ ကျွန်တော်တို့အယူ ခံတင်တဲ့အယူခံလွှာမှာပါတဲ့ သုံးသပ်ချက်တွေအားလုံးကို တရား ရုံးက သုံးသပ်ခဲ့တာမတွေ့ရဘူး။ အဲဒီတော့အောက်ရုံးမှာဆုံးဖြတ်ခဲ့တဲ့အတိုင်း ပြစ်ဒဏ်ခုနစ်နှစ်ကို  အတည်ပြု ပြီးတော့ ကျွန်တော်တို့ အယူခံတင်တာကို ပ,လပ်လိုက်တာပါ’’ ဟု ရိုက်တာသတင်း ထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်ကပြောသည်။ ပြစ်ဒဏ်ကျခံနေရသောကို ၀လုံးနှင့်ကိုကျော်စိုးဦးအပါအ၀င် ၎င်းတို့ မိသားစုများ နှင့်တွေ့ဆုံတိုင်ပင်ကာ သတင်းထောက် နှစ်ဦး လွတ်မြောက်ရေး ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးသန်း ဇော်အောင်ကပြောသည်။

ရိုက်တာသတင်းထောက် နှစ်ဦးကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်က အယူခံဝင်မှုပလပ် သည်ကို  စိတ်မကောင်းဖြစ်ကြောင်း ၎င်းတို့၏ဇနီးများကပြောသည်။ ‘‘ကျွန်မတို့က အားလုံးကို အကောင်းဆုံး ဖြစ်မယ်လို့ရင်ခုန်စွာနဲ့မျှော်လင့်မိတာပေါ့။ အခုက ဘာမှမထူးတော့ဘာမှမပြောချင်ဘူး’’ ဟု ကိုဝလုံး၏ ဇနီး မပန်းအိမွန်ကပြောသည်။ မြန်မာနိုင်ငံ၏ တရားရေးသည် အမှီအခိုကင်းသည့်အပေါ်တွင် မူတည်နေကြောင်း အီးယူသံအမတ် ခရစ္စတီရန်ရှမစ်က ရိုက်တာသတင်းထောက်နှစ်ဦး ကိုအမိန့်ချမှတ်အပြီး သတင်း ထောက်များ အားပြောသည်။

‘‘တရားရေးစနစ်က အမှီအခိုကင်းတဲ့အပေါ်မှာမူတည်နေပါတယ်။ ပြုလုပ်ထားတဲ့မတရားမှုကို မြန်မာသမ္မတက မှန်ကန် အောင်လုပ်ဆောင်ပေးဖို့လိုနေပါ တယ်’’ ဟု ခရစ္စတီရန်ရှမစ်က ပြောသည်။ ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာနနှင့် တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းထောက်နှစ်ဦးသည် ရခိုင်ပြည်နယ် သတင်းလိုက်၍ အဖမ်းခံရခြင်းမဟုတ်ဘဲ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေကိုချိုး ဖောက်သောကြောင့်သာ ဖမ်းဆီး ခံရခြင်းဖြစ်သည်ဟု  ပြောခဲ့သည်။

ထို့အပြင် ရိုက်တာသတင်းထောက်နှစ်ဦးအနေဖြင့် အယူခံဝင်ခွင့်ရှိသလိုစီရင်ချက်မမျှတဟုယူဆပါက တရားရုံးချုပ် ထိ အယူခံတင်နိုင်ကြောင်း ဒေါ် အောင်ဆန်းစုကြည်ကဖြေကြားထားသည်။