လာလီဂါသွင်းဂိုး (၄၀၀)ပြည့် ပထမဆုံးကစားသမားဖြစ်လာတဲ့ မက်ဆီ

မက်ဆီအတွက်တော့ စပိန်လာလီဂါကစားသမားဘ၀ကို တစ်ပွဲကို သွင်းဂိုး ၀.၉၂ဂိုးနှုန်း သွင်းယူနိုင်ခဲ့တာလည်း ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရှိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ စပိန်လာလီဂါမှာ သွင်းဂိုး (၄၀၀) ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်လို့ Goal.com ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အီဘာအသင်းနဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပြီးနောက် မက်ဆီရဲ့ လာလီဂါသွင်းဂိုးဟာ (၄၀၀)အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

လူးဝစ္စဆွာရက်ဇ်ရဲ့ သွင်းဂိုး (၂)ဂိုးအပါအ၀င် ဘာစီလိုနာက အိမ်ကွင်းမှာ အီဘာကို (၃-၀)နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့သလို မက်ဆီ အတွက်လည်း ထူးခြားတဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်း တစ်သင်းတည်းအတွက် ကစားပေးခဲ့ပြီး အခုလို ဂိုး (၄၀၀) ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

စုစုပေါင်း ဘာစီလိုနာအသင်းအတွက် (၄၃၅)ပွဲအထိ မက်ဆီက ကစားပေးခဲ့ပြီးဖြစ်လို့ တစ်ပွဲကို ပျမ်းမျှ ၀.၉၂ဂိုးနှုန်း သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိကစားနေဆဲ လာလီဂါ ကစားသမားတွေထဲမှာ မက်ဆီရဲ့နောက် အနီးစပ်ဆုံးရပ်တည်နေတဲ့ ကစားသမားကတော့ အဒူရစ်ဇ်ဖြစ်ပြီး စုစုပေါင်း (၄၂၂)ပွဲမှာ ၁၅၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ လိဂ်ဂိုး (၄၀၀) ပြည့်မြောက်ခဲ့တဲ့ ဒုတိယမြောက်ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ လိဂ်ဂိုး (၄၀၀) ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မက်ဆီရဲ့ မဟာပြိုင်ဘက်ကြီး ရော်နယဒိုက ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

အသက် (၃၁)နှစ်အရွယ် မက်ဆီဟာ ၂၀၀၅ ခုနှစ်က ကစားခဲ့တဲ့ အယ်ဘာစီတီနဲ့ ပွဲမှာ လာလီဂါပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး (၁၄)နှစ်ခန့်အကြာမှာ သွင်းဂိုး (၄၀၀) ပြည့်မြောက် သွားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ဂန္ထ၀င်ကစားသမားကြီး ရော်နယ်ဒင်ဟိုရဲ့ ဖန်တီးပေးမှုကနေ အသက် (၁၇)နှစ်အရွယ် မက်ဆီက လာလီဂါပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း မှတ်တမ်းတွေအရ သိရှိရပါတယ်။

Source: Duwun